NewsPolitic

ကပစ ၁၆ က စစ်ကြောင်းထိုးလာတဲ့ စကမ စစ်ကြောင်း AA ကြားဖြတ်တိုက်လို့ ပြန်ဆုတ်ပြေး

အာရက္ခတိုင်းမ်စ် (၂၈ မတ် ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကြားဖြတ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများနဲ့ ပြန်ဆုတ်ပြေးသွားကြတယ်လို့ သိရပါတယ်။

“ ဖြစ်တာက ၂၄ ရက်က ဖြစ်တာ၊ သူတို့ (စစ်ကော်မရှင်) က လေလာတောင်ဘက်ကနေ ညောင်ကျိုးဖက်ကို စစ်ကြောင်းထိုးလာတာလေ။ AA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်လိုက်တာ။ အထိနာပြီးတော့ နောက်ပြန်ဆုတ်သွားတယ်။ တိုက်ပွဲသတင်းဆိုတာ ချက်ချင်းသိ ချက်ချင်းပြောလို့ မကောင်းဘူး။ သူ့အမှားက ကိုယ့်အမှားဖြစ်သွားမယ်။ ရက်ခွာပြီးမှာပဲ ကျနော်ကတော့ ပြောတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ကပစ ၁၆ ကနေ အင်အား ၁၀၀ ခန့်နဲ့ စစ်ကြောင်းထိုး ထွက်လာတဲ့ စစ်ကော်မရှင်ရဲ့ စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှုများနဲ့ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်းအဖြစ် ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့လည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

Related posts

လေးမျက်နှာက ဘုန်းကြီးကျောင်း စကမ ဗုံးကြဲလို့ သံတွဲစစ်ဘေးရှောင်တဦး သေဆုံး

Rakhita Times

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတချို့မှာ အုပ်ချုပ်‌ရေး အာဏာပြတာတွေ ရှိနေ

Rakhita Times

မင်းပြားနဲ့ ပုဏ္ဏားကျွန်းကို စကမ တပြိုင်တည်း ဗုံးကြဲ

Rakhita Times

Leave a Comment