NewsPolitic

TNLA က ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ အရာရှိ စစ်သည် ၃၄၀ ကျော်ကို ဂုဏ်ပြု

အာရက္ခတိုင်းမ်စ် (၅ ဧပြီ ၂၀၂၆)

တအာင်းတပ်မတော်(PSLF/TNLA) အနေနဲ့ တိုက်ပွဲကာလအတွင်း ဒဏ်ရာရရှိသူတွေနဲ့ ကိုယ်လက်အင်္ဂါ ပေးလှူခဲ့တဲ့ အရာရှိ၊ အရာခံ ရဲဘော်တွေအတွက် ဂုဏ်ပြုပွဲ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဂုဏ်ပြုပွဲကို မတ်လ ၃၀ရက်က ရှမ်းပြည် မန်တုံမြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး အခုလို ဂုဏ်ပြုပွဲ ကျင်းပတာဟာ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတို့အတွက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များရဲ့ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုတာ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီတာ စတာတွေအတွက် ရည်ရွယ်ကျင်းပခဲ့တာလို့ သိရပါတယ်။

တအာင်းပြည် တည်ထောင်ရေးလုပ်ငန်းစဉ်မှာ အခက်အခဲများနဲ့ ကြီးမားတဲ့ အရင်းအနှီးများ ရင်ဆိုင်ခဲ့ရတယ်လို့ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က အဆိုပါ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်လို့ သိရပါတယ်။

တိုက်ပွဲကာလအတွင်း ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ရတဲ့ အရာရှိ အရာခံ ရဲဘော် စုစုပေါင်း ၃၄၉ ဦးရှိခဲ့ပြီး အဆိုပါ ရဲဘော်တွေကို ဂုဏ်ပြုလက်ဆောင်တွေ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

TNLA စစ်ဦးစီးချုပ် တားဟိုပလာန်ကလည်း တော်လှန်ရေးကာလအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့တဲ့ အရာရှိ၊ အရာခံနဲ့ ရဲဘော်များဟာ တအာင်းသူရဲကောင်းများ ဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ကျဆုံး ဒဏ်ရာရသူတွေရဲ့ ပေးဆပ်မှုတွေဟာ တအာင်းလူမျိုးတမျိုးလုံးအတွက် ဖြစ်ပြီး အဲဒီ သူရဲကောင်းတွေကို ဆက်လက် ကူညီစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း TNLA က ဆိုပါတယ်။

PSLF/TNLA အနေနဲ့ တအာင်းပြည်ရရှိရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး စတဲ့ ရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော် လျှောက်လှမ်းလျက်ရှိပြီး ယနေ့ရရှိထားတဲ့ အခြေအနေတွေဟာ ခေါင်းဆောင်များ၊ အရာရှိ၊ အရာခံများ၊ ရဲဘော်နဲ့ ရဲမေတွေရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါများ ပေးဆပ်ကာ ဆောင်ရွက် စွန့်လွှတ် အနစ်နာခံမှုများရဲ့ ရလဒ်ဖြစ်ပြီး TNLAက အဲဒါတွေကို မမေ့မလျော့ဖို့၊ အဲဒီလို အနစ်နာခံမှုများကို အခြေခံပြီး တအာင်းတမျိုးသားလုံးရဲ့ မျှော်မှန်းချက်များ အကောင်အထည် ဖော်နိုင်ရေး ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Related posts

စစ်ကောင်စီတပ်သားများကို CDF-Asho ခြုံခိုတိုက်၊ တပ်သား ၄ ဦးသေဆုံး

Rakhita Times

ရက္ခိုင်က မြို့ ၄ မြို့ကို စကမ က AA ထံ တောင်းတယ်လို့ သတင်းထွက်

Rakhita Times

ကျောက်တော်မြို့နယ်ကို စစ်ကောင်စီဗုံးကြဲ ၇ ဦးသေဆုံးပြီ၊ ၇ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

Leave a Comment