NewsPolitic

နတ်ရေကန်ထဲ ပိတ်မိနေတဲ့ စကမ တပ်သားတွေ ဆန်ပြုတ်စားပြီး တောင့်ခံနေရ

အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်း အနီးပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာနေပြီး နတ်ရေကန်ဗျူဟာကုန်းတွင် ပိတ်မိနေတဲ့ စစ်ကော်မရှင်ရဲ့ တပ်သားတွေဟာ အသင့်စား ဆန်ပြုတ်တွေစားပြီး တောင့်ခံနေရတယ်လို့ သိရပါတယ်။

“ အရင်ကတော့ ရိက္ခာတွေ ကောင်းကောင်းမွန်မွန်ပို့တယ်။ အခုတော့ ကျနော်တို့ဖက်ကျတာကြည့်တဲ့အခါ ဆန်ပြုတ်ထုတ်တွေ ဖြစ်နေတယ်။ ရိက္ခာတွေကို အဖြစ်သဘောလောက်ပဲ ပို့ပေးနေပုံရတယ်။ အထဲကတောင်တွေ အမြင်မှန်ရပြီး အလံဖြူထောင် အလင်းဝင်သင့်နေပြီ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်း နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မတ်လဆန်းကတည်းက သိမ်းပိုက်ထားပါတယ်။

“ဗျူဟာကုန်းမှာ ပိတ်မိနေတဲ့ကောင်တွေကတော့ ပရုတ်လုံးလိုပဲ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး ပျောက်သွားလိမ့်မယ်။ ဘာလို့ အဲလို ပြောနိုင်လဲဆိုရင် စစ်ကူပို့တယ်၊ လမ်းမှာ ဖြတ်တိုက်ခံရတယ်။ စစ်ကူကမရောက်ပဲ အကျအဆုံးနဲ့ တပ်ပြန်ဆုတ်ရတယ်။ အပေါ်ကနေ ရိက္ခာတွေ ပို့တော့လည်း တဝက်တောင် သူတို့ဆီ မရောက်ဘူးလေ။ ရောက်တာကလည်း အသင့်စား ဆန်ပြုတ်ထုတ်လေ ဘယ်လို တောင့်ခံနိုင်မလဲ” လို့ သူက ပြောပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ တည်ရှိပြီး ရက္ခိုင်၊ မကွေးနဲ့ ပဲခူးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကော်မရှင်ရဲ့ အမာခံစခန်းကြီး တခုလည်း ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာနဲ့ ဆက်စပ်နေတဲ့ ငဖဲမြို့နယ်ထဲက မန်းချောင်းအနီး ကြောင်နွားသိုးဆည်နားမှာ မတ်လ ၂၅ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ဦး သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်ထားပါတယ်။

နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲတွေမှာ အာရက္ခတပ်တော်နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ CDF-Asho နဲ့ ပူးပေါင်းမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

Related posts

ဝက်သက်ရောဂါ ကြိုတင်ကာကွယ်ဖို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပေး

Rakhita Times

KNU တို့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင် စစ်ရေးပိုပြင်းထန်လာနိုင်

Rakhita Times

ကျောက်ဖြူက စစ်ဘေးရှောင် ၃ ဦးကို စကမ ဖမ်းဆီး

Rakhita Times

2 comments

https://neoclassical.space မေ 27, 2026 at 6:00 မနက်

References:

Blackjack switch https://neoclassical.space

Reply
rylonnie shtori s elektroprivodom_reEt မေ 31, 2026 at 4:05 မနက်

рольшторы на окна цена https://rulonnye-shtory-s-elektroprivodom11.ru

Reply

Leave a Comment