အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၆)
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရခိုင်အလုပ်သမားရုံးက ဦးဆောင်ပြီးတော့ ဧပြီလ ၁၃ ရက် ညနေ ၄ နာရီတွင် ရက္ခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အထက်ပါကဲ့သို့ ပြုလုပ်ရတာဟာ ရက္ခိုင်ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ညီညွတ်မှုကို ပြချင်တာကြောင့်ဖြစ်တယ်လို့ ရခိုင်အလုပ်သမားရုံး တာဝန်ခံ ကိုနိုင်အောင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ သင်္ကြန်ကာလဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေ စုပြီးတော့မှ ဘုရားရေသပ္ပါယ်တာတွေ လုပ်ဖြစ်တယ်။ ကျနော်တို့က ဒီဖက်မှာ ဘာသာရေးအရလည်း အဆင်ပြေတယ်ပေါ့။ ဘာသာရေးအရဆိုလို့ရှိရင် သင်္ကြန်ကာလမှာ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ စုပေါင်းပြီးတော့မှ ဘုရားရေသပ္ပါယ်တာတွေ ကုသိုလ်ပြုလုပ်တာတွေ လုပ်ဖြစ်တယ်။ နောက်တပိုင်းမှာလည်း ကျနော်တို့က အလုပ်သမားအရေးလုပ်တဲ့အခါကျတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ညီညွတ်မှုနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အားတွေ ပြချင်တာလည်း ပါတာပေါ့။ တဖက်မှာ ဘာသာရေးအရ လုပ်တယ်။ တဖက်မှာလည်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဘယ်လောက်ထိ ညီညွတ်တယ်ဆိုတာ ပြချင်တာလည်း ပါတာပေါ့” လို့ ကိုနိုင်အောင်အောင်က ဆိုပါတယ်။
ရက္ခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ပွဲကို မဲရောက်ရောက် ရက္ခိုင်သူ ရက္ခိုင်သား ၃၀၀ ကျော် လာရောက် ပူဇော်ကြတာလည်း ဖြစ်ပါတယ်။
“ ကျနော်တို့ကတော့ ဝေးတဲ့နေရာတွေကိုတော့ သိပ်မဖိတ်လိုက်ဘူး။ အနီးအနားမှာရှိတဲ့ ကျနော်တို့နဲ့ ဆက်စပ်မှုရှိတဲ့ စက်ရုံတွေ၊ အလုပ်သမားတွေ ကျနော်တို့ ပတ်ဝန်းကျင်မှာနေထိုင်ကြတဲ့ အလုပ်သမားတွေ ဖိတ်ထားတယ်ပေါ့။ ၁၅၀၊ ၂၀၀ လောက်တော့ မှန်းထားတယ်ပေါ့” လို့ ကိုနိုင်အောင်အောင်က ဆက်ပြောပါတယ်။
ရက္ခိုင်ရိုးရာ ဘုရားရေသပ္ပါယ်ပွဲအပြီးတွင် လာရောက်ပူဇော်ကြတဲ့ ဧည့်ပရိတ်သတ်တွေကို ထမင်း ဟင်းနဲ့ တည်ခင်းဧည့်ခံပေးခဲ့တယ်လို့လည်း သိရပါတယ်။
