NewsPolitic

ငါးတန်ပြင် ဘုန်းကြီးကျောင်းပြဿနာကို ဝါမဝင်ခင် ဖြေရှင်းပေးစေလို

အာရက္ခတိုင်းမ်စ် (၂၈ မေ ၂၀၂၆)

ရက္ခိုင်ပြည် မင်းပြားခရိုင် မင်းပြားမြို့နယ် ဘားဘူတောင်အုပ်စု ငါးတန်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းပြဿနာကို ဝါမဝင်ခင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ဖြေရှင်းပေးစေလိုပါတယ်လို့ ဒေသခံရွာသားတွေက ဆိုပါတယ်။

အဆိုပါ ကျောင်းပြဿနာမှာ ၅ နှစ်ခန့်ကြာနေပြီ ဖြစ်ပြီး ၂၀၂၆ ခုနှစ်ဖေဖော်ဝါလ ၁၉ ရက်တွင် ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့က ဘုရားဟောတရားတော်နဲ့အညီ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အထက်ပါ ဆုံးဖြတ်ချက်ကို ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့က ဥက္ကဌ ပုဗ္ဗာရုံကျောင်းဆရာတော် ဘဒ္ဒန္တသာသန၊ အတွင်းရေးမှူး အေးစေတီကျောင်းဆရာတော် ဘဒ္ဒန္တနာဂဝံသ၊ အဖွဲ့ဝင် ငြိမ်းအေးရိပ်မြုံကျောင်းဆရာတော် ဘဒ္ဒန္တဂန္ဓမာ၊ အဖွဲ့ဝင် မြို့သစ်မှန်ကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒာဓိက၊ အဖွဲ့ဝင် သာသနဟိတကျောင်းဆရာတော် ဘဒ္ဒန္တပညာရက္ခိတ တို့က လက်မှတ်ထိုးဆုံးဖြတ်ခဲ့ပြီး အသိသက်သေအဖြစ် ဗဟိုတာဝန်ခံရုံး သံဃာ့အကျိုးဆောင်အဖွဲ့ သာသနာရေးနဲ့ ဝိနိစ္ဆယတာဝန်ခံ ဦးမောင်ဆန္ဒ၊ DLEPS ဌာနမှာ ဒုဒီလပ်အုပ် ဖြူနှင်းဝေနဲ့ အမှုစစ် အောင်အောင်ငြိမ်းတို့ လက်မှတ်ထိုး အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် အဆိုပါ ဆုံးဖြတ်ချက်ကို သဘောတူ လိုက်နာပါမယ်လို့ နှစ်ဦးနှစ်ဖက် သဘောတူ ဝန်ခံကတိ လက်မှတ်ထိုးခဲ့သော်လည်း ယခုအခါ ဘုန်းကြီးကျောင်းခြံကို ခြံထိုးပြီး ထက်ဝက်ပိုင်းနေတယ်လို့ သိရပါတယ်။

“ ဝါမဝင်ခင်တော့ ဖြေရှင်းပေးစေချင်တယ်။ မဟုတ်ရင် ပြဿနာတွေ ကြီးထွားလာနိုင်တယ်။ အခုလို လုပ်ဆောင်နေတာကို ကျနော်တို့တွေက မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တိုင်စာပို့တော့ အုပ်ချုပ်ရေးမှူးက သူတို့နဲ့ မဆိုင်ဘူး။ သက်ဆိုင်ရာတရားရုံး ဒါမှမဟုတ်ရင် ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့ကို တိုင်ကြားပါဆိုပြီး ပြန်စာပို့တယ်။ ကျနော်တို့လည်း အခု ဘာဆက်လုပ်ရမယ်မသိတော့ဘူး။ ဒီပုံအတိုင်းဆို ရွာနှစ်ခြမ်းကွဲတော့မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အမြန်ဆုံး လာရောက် ဖြေရှင်းပေးစေလိုပါတယ်လို့ မေတ္တာရပ်ခံလိုပါတယ်” လို့ ငါးတန်ပြင်ကျေးရွာဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် မတ်လ ၃ ရက်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလှက မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား လက်မှတ်ရေးထိုးကာ မြို့နယ်အုပ်ချုပ်ရေးဌာနကို တိုင်ကြားလာတဲ့ကိစ္စဟာ မင်းပြားမြို့နယ်အုပ်ချုပ်ရေးဌာနနဲ့ မသက်ဆိုင်လို့ သက်ဆိုင်ရာတရားရုံး (သို့မဟုတ်) အဆိုပါ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ချက် ချမှတ်ထားတဲ့ ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့ကို တိုင်ကြားပါရန် ဂါရဝပြု အကြောင်းကြားပါတယ်လို့ သိရပါတယ်။

“ ဗဟိုသံဃာ့အကျိုးဆောင်အဖွဲ့က အကြိမ်ကြိမ်စစ်ဆေးပြီး အပြစ်အနာအဆာ မရှိတဲ့အတွက် ဂိုဏ်းချုပ်ဆရာတော်ကြီးကိုယ်တိုင် လက်ရှိ ဆရာတော်ကို အနိုင်ပေးထားတယ်။ ဒါကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက တာဝန်ယူပြီး လုပ်ဆောင်ပေးစေချင်တယ်။ အလေးအနက် မေတ္တာရပ်ခံလိုတာက မြန်မြန် ဖြေရှင်းပေးပါ။ သွေးထွက်သံယိုတွေ မဖြစ်ခင်မှာ ထိန်းသိမ်းလုပ်ဆောင် ပေးပါလို့ပဲ တောင်းပန်လိုပါတယ်” လို့ ငါးတန်ပြင်ကျေးရွာဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ ဗဟိုသံဃာ့အကျိုး​ဆောင်အဖွဲ့ကိုယ်စား ခရိုင်သာသနာရေးမှူးက တရားလိုလုပ်ပြီး မင်းပြားမြို့နယ် တရားရုံးမှာ တိုင်ကြားထားပြီး အကြိမ်ကြိမ် ရုံးချိန်းပေမယ့် ထူးခြားမှု မရှိဘူးလို့လည်း သိရပါတယ်။ လာမယ့် ဇွန်လ ၄ ရက်တွင် ထပ်မံ ရုံးချိန်းထားတယ်လို့လည်း သိရပါတယ်။

ရက္ခိုင်ပြည် မင်းပြားခရိုင် မင်းပြားမြို့နယ် ဘားဘူတောင်အုပ်စု ငါးတန်ပြင်ကျေးရွာတွင် အိမ်ထောင်စု ၂၄၅ စုရှိပြီး လူ ၇၀ က ဘုန်းတော်ကြီးကျောင်းကို ခြံစည်းရိုးထိုး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Related posts

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

Rakhita Times

ရက္ခိုင်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရသစ်ကို ဗိုလ်ချုပ်ဖိတ်ခေါ်

Rakhita Times

မင်းပြားတွင် အရက်မူးပြီး ကိုယ့်အိမ်ကို မီးရှို့မှုဖြစ်ပွား

Rakhita Times

Leave a Comment