အာရက္ခတိုင်းမ်စ် (၂၉ မေ ၂၀၂၆)
ရွေးတုအစိုးရက တပ်သားတွေကို ရာထူးတဆင့် တိုးပေးပြီး စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ကို မေလ ၂၅ က စတင်ပြီး ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
“ သန္ဓေစစ်သားရော စစ်မှုထမ်းစစ်သားရော တယောက်မှ ရက္ခိုင်ကိုဆို မသွားချင်ကြဘူး။ ရက္ခိုင်ကို ပို့မှာစိုးလို့ ထွက်ပြေးသူတွေလည်း မျာနေပြီလေ။ ဒါကြောင့် အခု နေပြည်တော်ကနေ တိုက်ရိုက်မိန့်နဲ့ ရာထူးတဆင့်တိုးပေးပြီး လွှတ်နေတာ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရာထူးတိုးပေးထားတဲ့ တပ်သားတွေကို ရေကြောင်းကနေ စစ်တွေမြို့ကို ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
“ ရာထူးတိုးပေးတာ ဒီလိုလေ တပ်သားဆို ဒုတပ်ကြပ်ပေါ့၊ ဒုတပ်ကြပ်ဆို တပ်ကြပ် အဲလိုတိုးပေးလိုက်တာ။ ရာထူးနဲ့ မျှားပြီးတော့ စစ်တွေ ဒကစ ကို ပို့ပေးနေတာ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့ မကျစေရေးအတွက် ရွေးတုအစိုးရက အာရက္ခတပ်တော်ကို စစ်ကြောင်း ၃ ခု ခွဲပြီး ခုခံနေပြီး အာရက္ခတပ်တော်က အောင်မြေကုန်းကို ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
တပ်ချုပ်သစ် ရဲဝင်းဦးဟာ ရက္ခိုင်ပြည် စစ်တွေမြို့ကို အာရက္ခတပ်တော်ထံ မကျစေရေးအတွက် ကမ်းနားလမ်းကို ခြံစည်းရိုးကာတာအပြင် ဘန်ကာများဆောက်ပြီး ခုခံခိုင်းနေတယ်လို့လည်း သိရပါတယ်။
အလားတူ တပ်ချုပ်သစ်က ရက္ခိုင်ပြည် စစ်တွေမြို့ထဲကို အာရက္ခတပ်တော် ဝင်ရောက်မှာကို စိုးရိမ်တာကြောင့် စစ်တွေမြို့တွင်း အဝင်အထွက်တွေကို တင်းကြပ်ခိုင်းထားပြီး အဓိကအားဖြင့် မွတ်ဆလင်တွေကို မြို့တွင်းကို ဝင်ရောက်ခွင့် မပြုထားဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ရက္ခိုင်ပြည် စစ်တွေမြို့မှာ ည ၉ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အပြင် အဲဒီ သတ်မှတ်ကာလမှာ အပြင်ထွက်ပါက ပစ်မိန့်ပါ ထုတ်ထားတယ်လို့လည်း သိရပါတယ်။
