EnvironmentNewsPolitic

ရက္ခိုင်တွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်လို့ ရေကြီးမှုများ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၉ မေလ ၂၀၂၆)

ရက္ခိုင်ပြည်တွင် လေပြင်းတိုက်ပြီး မိုးကြီးနိုင်လို့ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

“အခု လောလောဆယ်မှာ ရက္ခိုင်ပြည်နယ်ကို မုတ်သုံက ဦးတည်ပြီး ဝင်နေပြီပေါ့။ ဒါ ရက္ခိုင်ပြည်နယ် (‌တောင်ပိုင်း) ကိုပဲ ရှိသေးတယ်။ ရက္ခိုင်ကို တောင်ပိုင်း၊မြောက်ပိုင်း ခွဲပြောမယ်ဆိုရင် လောလောဆယ် ကျောက်ဖြူကနေ ဂွအထိပေါ့။ လောလောဆယ် မုတ်သုံစဝင်ပြီး လေပြင်း မိုးပြင်း လာနေပြီ။ ကျောက်ဖြူရဲ့အထက်ဘက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောအထိ ဆိုလို့ရှိရင် အဲ့ဒီအထိကတော့ လာမယ့် ရက်ပိုင်းအတွင်း တရက် နှစ်ရက်အတွင်းမှာ မုတ်သုံ ဆက်ပြီးရောက်လာပါလိမ့်မယ်။ အခု လေပွေလှိုင်းဖြစ်နေတဲ့ အနေအထားနဲ့ဆိုရင် သိပ်မကြာဘူးပေါ့နော်။ အခု မေ ၂၉၊ ၃၀၊ ၃၁ လောက်ဆိုရင်လည်း ရက္ခိုင်ပြည်နယ် (မြောက်ပိုင်း) ကိုလည်း ဝင်လာလိမ့်မယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ယခင် ECMWF ရဲ့ Cyclone Genesis Chart ရဲ့ ဖော်ပြချက်အရ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်ချေ ရာနှုန်းပြည့် ရှိခဲ့သော်လည်း အခုအခါမှာ မုန်တိုင်းဖြစ်နိုင်ချေ မရှိတော့ပဲ လေပွေလှိုင်းအနေနဲ့သာ ဆက်လက် ရှိနေမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အခု လေပွေလှိုင်းကလည်း အဲ့ဒီကိုပဲ ဦးတည်ပြီးတော့ ရက္ခိုင်ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကိုပဲ ဦးတည်ပြီး ရွေ့နေတယ်။ အဲ့ဒီတော့ မုန်တိုင်းဖြစ်မှာတော့ မဟုတ်ဘူး။ မုန်တိုင်းဆိုပြီးတော့ ပထမတုန်းကတော့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်‌ချေက ၁၀၀ ရာခိုင်နှုန်းအထိ ECMWF ရဲ့ Cyclone Genesis Chart တွေမှာ ပေါ်သွားတယ်။ ဒါပေမယ့် အခုက အဲ့ဒီလိုမဟုတ်ပဲနဲ့ လေပွေလှိုင်းအနေနဲ့ပဲ ဆက်ပြီးတော့ မြောက်ဘက်ကို ရက္ခိုင်ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကို တက်မှာဆိုတော့ ရက္ခိုင်ပြည်နယ်အနေနဲ့ဆိုရင် မိုးပြင်းမယ်။ လေပြင်းမယ်။ မိုးရွာတဲ့နှုန်း၊ မိုးရွာတဲ့မိုးရေချိန်၊ မိုးရွာတဲ့နှုန်း rain range နဲ့ ကျနော်တို့ မိုးရေချိန် Precipitation Total က မတူဘူးပေါ့နော်။ အဲ့ဒီဟာတွေကလည်း များလာမှာပေါ့” လို့ ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

‌အဆိုပါ ဖြစ်စဉ်များကြောင့် ရက္ခိုင်ပြည်မှာ လေပြင်းတိုက်ခြင်း၊ မိုးများခြင်းတွေအပြင် တောင်ကျချောင်းရေတွေ ကျဆင်းလာနိုင်တာ‌ကြောင့် တောင်ပြို မြေပြိုမှု အန္တရာယ်တွေကိုလည်း သတိပြု နေထိုင်ကြဖို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ကြိုတင် အသိပေး ပြောဆိုခဲ့ပါတယ်။

Related posts

စစ်ဘေးအပါအဝင် ဘေးအန္တရာယ်အပေါင်းမှ အမြန်ဆုံးကျော်လွှားနိုင်ပါစေလို့ AA နှစ်သစ်ဆုတောင်းပေး

Rakhita Times

စစ်တွေမှာ ဓာတ်ဆီတွေ ဈေးပြန်တက်

Rakhita Times

ပလက်ဝမှာ ကျောင်းမနေသူ များလာ

Rakhita Times

151 comments

Leave a Comment