ArticelsLife StylePolitic

အာရက္ခနိုင်ငံတော် လက်ထဲက သင် (သို့) သင့်လက်ထဲက အာရက္ခနိုင်ငံတော်

မုတ်သုံမောင်

ပင်လယ်ပြင်တွင် သင်္ဘောများ၊ ငါးဖမ်းလှေများ၊ ခရီးသည်တင် စက်တပ်လှေတွေဟာ ရက္ခိုင်ဒေသရဲ့ မရိုးအီနိုင်တဲ့ နိစ္စဓူဝ သဘာဝ ရှုမျှော်ခင်း ပန်းချီကားသဖွယ် ဆိုတာဟာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပါ။ ဟိုအဝေးကို လှမ်းမျှော်ကြည့်ပြန်ရင်လည်း စိမ်းညို့ညို့ တည်ကြည် မားမတ်စွာ ရပ်တည်နေတဲ့ တောင်တန်းများကလည်း ရက္ခိုင်ဒေသရဲ့ မဟာတံတိုင်းကြီးသဖွယ် လှဂုဏ်ဝင့်ထည်ပြီး ရဲရင့်တဲ့ ဇာတိသွေး ဇာတိမာန်ကို ဖော်ဆောင်နေပါတယ်။ လူတွေ၊ သက္ကရာဇ်တွေ၊ ငိုညီးသံတွေ ပြည့်နှက်နေတာကို၊ ခေတ်ပျက်ဒဏ်တို့ရဲ့ ကြေကွဲနာကျင်မှုတွေကို ဘယ်သူက သိနိုင်မှာလဲ။ အလှတရားတို့နောက်က ရင်ကွဲနာအပြည့်ကိုလည်း ဘယ်သူက သတိပြုမိပါ့မလဲ။ ရက္ခိုင်ဒေသရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟာ ပင်လယ်ပြင်ထဲက သင်္ဘောပျက်ပေါ်မှာ လိုက်ပါနေရတဲ့ ခရီးသည်တွေလို စိုးထိတ်ကြောက်ရွံ့စိတ် အပြည့်နဲ့ ခရီးဆက်နေဆဲ။ အဲဒီ့ သင်္ဘောကြီးသာ နောဧရဲ့ သင်္ဘောလို လူအများကို ကယ်တင်ပေးတဲ့ သင်္ဘော ဖြစ်ခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ။

သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ ရက္ခိုင်ပြည်က သဘာဝဓာတ်ငွေ့တွေ၊ တောင်ကုတ်မြို့ နေပူတောင်က မာဘယ်လ်ကျောက်တွေ၊ ကျွန်းသစ်နဲ့ ပျဥ်းကတိုးကဲ့သို့ အလွန် အဖိုးတန်တဲ့ ရတနာများကို စစ်အာဏာရှင်များက ပြည်ပနိုင်ငံများကို ထုတ်ရောင်းပြီး ဒေသခံများဟာ အကျိုး တစုံတရာ ခံစားခွင့် မရခဲ့ပါ။ ဒါဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ ရက္ခိုင်လူမျိုးများ ခံစားခဲ့ရတာဟာ သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတု ဖောက်ပြန်မှုသာ ရရှိခဲ့တယ်။ အစိုးရက နိုင်ငံသားလုံခြုံမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို အဖက်ဖက်က ချိုးနှိမ်ခဲ့ကြတယ်။ နိုင်ငံအုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ တိုင်းရင်းသား ပြဿနာများနဲ့ ဘာသာရေး နွယ်လာအောင် ပဋိပက္ခများ သွေးထိုးလှုံ့ဆော်ခြင်းကို မတားဆီးတဲ့အပြင် မသိကျိုးကျွံ ပြုခြင်းတို့ကြောင့် တိုင်းရင်းသားတို့ စိတ်ဝမ်းကွဲမလို ခံပြင်းလာသလို ရက္ခိုင်လူမျိုးများရဲ့ အမျိုးချစ်စိတ်ဟာလည်း တအုံနွေးနွေး လောင်ကျွမ်းနေရာကနေ မီးတောက်မီးလျှံအဖြစ်ကို ပြောင်းလဲလာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ အာရက္ခတပ်တော်ဟာ အချိန်နဲ့တပြေးညီ ပေါ်ပေါက်လာတာနဲ့ အံဝင်ဂွင်ကျ ဖြစ်သွားတယ်။ အာရက္ခတပ်တော်ဟာ တဖြည်းဖြည်းချင်း လှုပ်ရှားမှုများ စတင်ပြီး တဟုန်ထိုး အရှိန်ပြင်းစွာ အချိန်တိုအတွင်း အောင်မြင်လာခဲ့ပြီး ရက္ခိုင်ပြည်သူများရဲ့ တခဲနက် ထောက်ခံမှုကို ရရှိလာခဲ့တယ်။ စစ်သည် အင်အားများလာတာလည်း ကြောက်ခမန်းလိလိ ဖြစ်လာခဲ့တယ်။ နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိခဲ့တာကြောင့် ပြဿနာပေါင်းစုံဟာ ဒီကနေ့တိုင် အမြစ်မပြတ်သေးဘဲ ကျန်နေတယ်။ စီးပွားရေး နိမ့်ကျပြီး ဗြူရိုကရေစီစနစ်ဟာလည်း ဒီကနေ့တိုင် ကြီးမားစွာ ရှိနေဆဲ ဖြစ်တယ်။ အာရက္ခတပ်တော် (AA) ကလည်း စစ်ဆင်ရေးများ အဆက်မပြတ် ပြုလုပ်လာပြီး အခုဆိုရင် သိမ်းပိုက်ဖို့ ၃ မြို့သာ ကျန်နေတော့တယ်။ အာရက္ခနိုင်ငံတော်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တယ်။ ရက္ခိုင်တို့ မျှော်လင့်ခဲ့တဲ့ နိုင်ငံ၊ ရက္ခိုင်တို့ မက်ခဲ့တဲ့ အိပ်မက်၊ ရက္ခိုင်တို့ တောင့်တခဲ့တဲ့ လွတ်လပ်မှု တရားမျှတမှုတို့ကို တွေ့ကြ မြင်ကြရတော့မယ်။ တံခါးပိတ်ဝါဒအောက် လွတ်မြောက်မှု ရောင်ခြည်ဟာ အရှေ့ကနေဝန်းကြီးပမာ ထွက်ပေါ်လာတော့မှာ မုချဧကန် ဖြစ်တော့တယ်။

* နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာပါတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အမေရိကန်သမ္မတ ဂျွန်ကနေဒီ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ နိုင်ငံတော်က ကျနော်တို့ကို ဘာလုပ်ပေးမှာလည်း ဆိုတာထက် နိုင်ငံတော်ကို ခင်ဗျားတို့က ဘာလုပ်ပေးမှာလဲတဲ့။ ဒီတော့ တိုင်းပြည်မှာလည်း တာဝန်ရှိသလို ပြည်သူမှာလည်း တာဝန် ရှိပါတယ်။ ကိုယ့်နိုင်ငံအတွက် ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ၊ ဘယ်လိုနေရာက ပူးပေါင်းပါဝင်ရမှာလဲ။ ဘယ်လို အနစ်နာခံ ပေးရမှာလဲ စသည်အားဖြင့် ဒါတွေဟာ စဥ်းစားစရာပါ။ ဥပမာ ကိုယ်တတ်ကျွမ်းတဲ့ပညာ အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဆရာဝန်၊ နည်းပညာရှင်၊ တတ်သိပညာရှင်တို့ကလည်း ကိုယ့်နယ်ပယ်ကကိုယ် ပူးပေါင်း ပါဝင်ကြမည်ဆိုပါလျှင် နိုင်ငံတော် တည်ဆောက်ရေးသည် ခွန်အားသစ်လောင်းသကဲ့သို့ ဖြစ်လာပါလိမ့်မည်။ ထို့အတူ နိုင်ံငံတော်မှာလည်းပဲ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိတာပါပဲ။ ဘာတွေ တာဝန်ရှိလဲ။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးအပြင် ညှဥ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရေး၊ မတရား ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ ဖမ်းဆီး ထိန်းသိမ်းခံရခြင်းများ တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးရေးတို့ပဲ ဖြစ်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ တရားဥပဒေဟာ နိုင်ငံသားအားလုံးအတွက် တန်းတူညီမျှ သက်ရောက်ရမယ်ဆိုတဲ့ သဘောပါပဲ။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ ရှိမနေစေရ။ ဒီနေရာမှာ ဥပမာအနေနဲ့ ပြောရရင် ကျူးဘားသမ္မတ ဖီဒယ်ကတ်စရိုဟာ ကျူးဘားအခြေခံဥပဒေရဲ့ အထက်မှာ နေခဲ့သူ ဖြစ်တယ်။ ဒါ့ကြောင့်လည်း ကျူးဘားနိုင်ငံဟာ ကတ်စထရို အာဏာစွန့်ခွာခဲ့တဲ့ ၂၀၀၈ ခုနှစ်အထိ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေး (ICCPR) ကို လက်မှတ်ရေးထိုးခြင်း မရှိခဲ့ဘူး။ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက်ဟာလည်း (ICCPR) မှာ ဘယ်တုန်းကမှ လက်မှတ်ထိုးခြင်း  မရှိခဲ့ဘူး။ ဒါတွေဟာ သတိ နမူနာ ယူစရာပါ။

* မွေးရပ်မြေရဲ့ သံမဏိတီကောင်များ

ရက္ခိုင်လူမျိုးတွေဟာ ရက္ခိုင့်တော်လှန်ရေးကို အကြွင်းမဲ့ ယုံကြတယ်။ ရက္ခိုင့်တော်လှန်ရေးအတွက် သူပုန်စိတ် အပြည့်ရှိတယ်။ ဒါဟာ ဘယ်တော့မှ မရိုးနိုင်တဲ့ ဇာတိချစ်စိတ်ပဲ။ ဒီနေရာမှာ နိုင်ငံရေး သုံးသပ်သူတွေက အမျိုးသားရေးဝါဒဟာ နိုင်ငံဆိုင်ရာ သွင်ပြင်လက္ခဏာ ဖြစ်တာကိုတော့ လက်မခံလို့ မရပါဘူး။ နိုင်ငံရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေဟာ အမျိုးသားရေးဝါဒကို သီအိုရီ ထုတ်ကြည့်လို့ရတဲ့ အရာထက် ကိုယ့်ရဲ့ တိုင်းပြည်နိုင်ငံအတွက် ခိုင်မာတဲ့စိတ်ခံစားချက် တစုံတရာအဖြစ်သာ မြင်ကြတယ်ဆိုတာလည်း ငြင်းချက် မထုတ်နိုင်ပါဘူး။ အမျိုးသားရေး အကျိုးစီးပွား တိုးတက် မြင့်မားဖို့ ဦးတည်ထားတဲ့ မျိုးချစ်စိတ်လည်း ဖြစ်တယ်။ အမျိုးသားရေးဝါဒဆိုတာ လူပေါင်းမြောက်မြားစွာကို ကိုယ်စားပြု နှိုးဆွနိုင်တဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများရဲ့ နောက်ကွယ်မှာ မောင်းနှင်နေတဲ့ ဒဿနပညာတစ်ခုအဖြစ် မြင်ကြည့်နိုင်တယ်။ အမျိုးသားရေးဝါဒဆိုတာ ကိုယ့်နိုင်ငံ တိုင်းပြည်အတွက် စိတ်အားထက်သန်မှုကို အထူးပြု ဖော်ပြတဲ့ စကားလုံးပါပဲ။ အမျိုးသားရေး တန်ဖိုးစံတွေကို လေးစားမှုနဲ့ တန်ဖိုးထားမှုအပေါ် အခြေခံပြီး နိုင်ငံသား အမျိုးသားရေးဝါဒတွေ ပေါ်ထွက်လာတာပဲမလား။ ရက္ခိုင်တွေဟာလည်း ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ နေလာကြတဲ့ လူမျိုးဆိုတော့ ဇာတိသွေး၊ ဇာတိမာန် ကြီးတယ်။ မျိုးစောင့်တရား ကြီးတယ်။ဥပမာ ကြည့်မယ်ဆိုရင် အရှေ့မှာ ဗမာ၊ အနောက်မှာ ဘင်္ဂလားဒေ့ချ်တို့ကြားမှာ ယနေ့ထိတိုင် သွေးရော သွေးနှောခြင်း မရှိသည့်အတွက် ရက္ခိုင်လူမျိုးဟုအထင်အရှား ရှိခဲ့ခြင်း ဖြစ်တယ်။ ဒီကိစ္စဟာ အလေးအနက် စဥ်းစားတွေးခေါ်ရင် သိပ်ကြောက်စရာကောင်းသလို သိပ်လည်းရင်လေးစရာ ကောင်းလွန်းပါတယ်။ လူမျိုးနှစ်မျိုးကြား ပိတ်မိနေတဲ့ ရက္ခိုင်တွေ ဘာကြောင့် သက်တမ်းရှည် ကြာမြင့်ခဲ့သလဲ။ ဒီနေ့ခေတ်လို ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းထဲမှာ ပို၍ပင် ကြောက်စရာ ကောင်းသေးတယ်။ ကိုယ့်ရိုးရာကို ကိုယ့်တန်ဖိုးထားမှုစံတွေ၊ ကိုယ့်ယဥ်ကျေးမှုကိုယ် လေးစားမြတ်နိုးစိတ်ကို ဘေးဖယ် ချန်မထားဘူး။ အဲတော့ အမျိုးသားရေးစိတ်ကိုသာ အခြေခံ တည်ဆောက်မထားဘူးဆိုရင် ရက္ခိုင်လူ့အဖွဲ့အစည်း အဆောက်အအုံဟာ ရေရှည်တည်တံ့စရာ အကြောင်းမရှိဘူး။ ရက္ခိုင်လူမျိုးဆိုတာကို ပြတိုက်ထဲ သွားကြည့်ရပါလိမ့်မယ်။ ရက္ခိုင်လူမျိုးတွေဟာ ဂျူးလူမျိုးတွေထက် ဇာတိမြေချစ်စိတ် ကြီးကြတယ်။ ရက္ခိုင်လူမျိုးတို့ရဲ့ ခံစစ်ဟာ အမျိုးချစ်စိတ်ဖြစ်သလို ရက္ခိုင်လူမျိုးတို့ရဲ့ ထိုးစစ်ဟာလည်း အမျိုးချစ်စိတ်ပဲ။ ရာဇဝင်သမိုင်းရှိတဲ့ လူမျိုးဟာ မာနကြီးတတ်ကြတာ သဘာဝပါပဲ။ အတိတ်ကို ပြန်လည်သုံးသပ်ပြီး အနာဂတ်အတွက် အဆင်သင့် ဖြစ်နေသော ရက္ခိုင်လူမျိုးတို့အဖို့ စိန်ခေါ်မှုအသစ်တွေဟာလည်း တကယ်တော့ အထူးအဆန်း မဟုတ်တော့ပေ။

ရက္ခိုင်လူမျိုးတို့တွင် ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ယဥ်ကျေးမှု၊ ကိုယ်ပိုင်အလံ၊ ကိုယ်ပိုင်ဂီတ၊ ကိုယ်ပိုင်နယ်မြေတို့ အတိအကျ တည်ရှိပါတယ်။ သူတပါး ရေ၊ မြေတို့ကို ကျူးကျော်နယ်ချဲ့ ကိုလိုနီပြုကျင့်ခြင်း မဟုတ်။ အစဥ်အလာအရ မိမိတို့ ဘိုးဘွားပိုင် သမိုင်းရာဇဝင် မသွေ့ခြောက်သေးတဲ့ နယ်မြေပေါ်မှာ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်ပိုင်ပြဋ္ဌာန်းလိုစိတ် ရှိခြင်းဟာ ဓမ္မဓိဋ္ဌာန်ကျတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ တရုတ်တွေ တရုတ်ပြည်ကို ချစ်သလို၊ အိန္ဒိယတွေ အိန္ဒိယနိုင်ငံကို ချစ်သလို၊ ဂျူးလူမျိုးတွေ ကိုယ့်နိုင်ငံကိုယ် ချစ်ကြသလို၊ ရက္ခိင်တွေဟာလည်း သူတို့ရဲ့အဖ အာရက္ခနိုင်ငံကို သူတို့ ချစ်ကြတာဟာ သဘာဝလွန် အစွန်းရောက်ခြင်း မဟုတ်ပါ။ မဝေးတော့တဲ့ အချိန်ဟာ ရက္ခိုင်တို့ရဲ့ ခေတ်အဆက်ဆက် ​မက်ခဲ့ရတဲ့ အိပ်မက်တွေကို ယူဆောင်လာပြီး စင်ကြယ်သန့်ရှင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ အေးမြသစ်လွင်တဲ့ လူ့အဖွဲ့အစည်းတွင် သမိုင်းတစ်ခေတ်ရဲ့ ကျောက်ထွင်းအက္ခရာကို ပြိုင်တူညီညာ ဟစ်ကြွေး သီနိုင်ပါလိမ့်မယ်။ နိုင်ငံတော် ရှေ့ကို ရွေ့နေတယ်။ နိုင်ငံတော်  ရှေ့ကို ရွေ့နေတယ်။ နိုင်ငံတော် ရှေ့ကို ရွေ့နေတယ်။

Related posts

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

Rakhita Times

မြောက်ပိုင်း ၃ ဖွဲ့က ငြိမ်းချမ်းရေးယူတာထက် အပစ်ရပ်ရေးပဲ လုပ်လာနိုင်

Rakhita Times

အရိပ်ထဲက အပူသည်များ

Rakhita Times

Leave a Comment