အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)
ရက္ခိုင်လူမျိုး ဇနီးမောင်နှံဟာ ဇူလိုင်လ ၁၆ ရက်က ထွက်ရှိတဲ့ ထိုင်းအစိုးရထီ ဘတ် ၆ သန်းဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။
“ထိုင်းအစိုးရထီ ဘတ် ၆သန်းကို ရက္ခိုင်လူမျိုး ဇနီးမောင်နှံနဲ့ ရန်ကုန်သား လူငယ် ၁ ဦး တို့ အသီးသီး ဆွတ်ခူးရရှိခဲ့တာကို 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ကနေ ထီဆုငွေများအားလုံးကို ယနေ့ (ဇူလိုင် ၁၇) နေ့ချင်းပြီး ထုတ်ယူပေးနိုင်ခဲ့တယ်” လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့က ဆိုပါတယ်။
ထိုင်းအစိုးရထီ ဘတ် ၆ သန်းဆု ကံထူးခဲ့ ရက္ခိုင်လူမျိုး ဇနီးမောင်နှံကတော့ ရက္ခိုင်ပြည် မင်းပြားမြို့နယ်ကဖြစ်တယ်လို့ သိပါတယ်။
“ဇူလိုင်လ ၁၆ ရက်နေ့ ထိုင်းထီ ပထမဆု ကံထူးရှင်တွေက 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ရေရှည်ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေ လှူဒါန်းပေးခဲ့သလို 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ရဲ့ အမာခံ အဖွဲ့ဝင်များအတွက်နဲ့ ရုံးတွင် ခိုလှုံနေတဲ့ ဒုက္ခသည်များ အတွက်လည်း ထောက်ပံ့ လှူဒါန်းပေးခဲ့ကြပါတယ်” လို့ 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့က ဆိုပါတယ်။
M.H.A.C (မြန်မာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီစောင့်ရှောက်ရေးကော်မတီ/မဟာမိတ်အဖွဲ့) ဟာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများ၊ တရားဥပဒေရေးရာ အကြံဉာဏ်ပေးခြင်းနဲ့ အမှုအခင်းများတွင် အဆုံးထိ လိုက်ပါ ကူညီပေးခြင်းတို့ကို ဦးဆောင် လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
