အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်န ထိစပ်နေပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ငပြီကျွန်းကို ထိုးစစ်ဆင်ပေမယ့် စစ်ရေးအရ ရှုံးနိမ့်သွားလို့ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12 လေယာဉ် အသုံးပြုပြီး အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီကျော်က စတင်ပြီး စစ်ကောင်စီဟာ ငပြီကျွန်းတစ်ဖက်ကမ်းရှိ ဝီရဌာနီနဲ့ ကြိမ်ခွေမော်ကျေးရွာတကြောကို ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးအလုံးပေါင်း ၂၀၀ နီးပါးအထိ ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ဘက်ကို အာရက္ခတပ်တော်က ထိုးစစ်ကို တိုးမြှင့်လာပြီး တပ်စခန်းတွေကိုပါ တစ်ခုပြီးတစ်ခု သိမ်းပိုက်လာတာကြောင့် စစ်တွေမြို့အတွက်ပါ လုံခြုံရေးအရ အလွန်တရာ စိုးရိမ်စရာ အခြေအနေကို ရောက်ရှိနေတာကြောင့် စစ်ကောင်စီက အခုလို ဗုံးကြဲ တိုက်ခိုက်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက Y-12 လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဝီရဌာနီမြို့ပေါ် ရပ်ကွက်တချို့ကို ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် အများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“လူ အသေအပျောက်တော့ မကြားမိဘူး။ ငပြီကျွန်းမှာ ရှိတဲ့ ရွာ ၃ ရွာလုံးကလည်း စစ်ရှောင်နေတာ ၃ နှစ် ရှိပြီ။ ပေါက်တော (ဝီရဌာနီ) လည်း စစ်ရှောင်တာ များတော့ လူတော့ အထိအခိုက် နည်းပါတယ်။ အိမ်တွေတော့ ရစရာမရှိအောင်ကို ပျက်စီးကုန်ပြီ” လို့ ဝီရဌာနီမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိတွင် ငပြီကျွန်းကို နှစ်ဖက်စလုံးက ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေလို့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေပါတယ်။
အောက်တိုဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့တွင် အောင်မင်္ဂလာဘက်ရှိ စစ်ကောင်စီရဲ့ ကင်းစခန်းတွေကို အာရက္ခတပ်တော်က ထပ်မံ သိမ်းပိုက်နိုင်ပြီး အဆိုပါ ထိုးစစ်အတွင်း စစ်ကောင်စီရဲ့ အသေးစားစခန်းပေါင်း (၉) ခုအထိ သိမ်းပိုက် ရရှိထားပြီး ရေချမ်းပြင်ဘက်တွင်လည်း စစ်ကောင်စီရဲ့ ဘန်ကာတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
