အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၆)
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နိုဝင်ဘာလ ၁၉ ရက်စွဲပါ စီရင်ချက်နဲ့ ကုလသမဂ္ဂ တတိယကော်မတီရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအပေါ် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တုံ့ပြန်ထုတ်ပြန်ချက်ကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) က နိုဝင်ဘာလ ၂၁ ရက်မှာ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ရက္ခိုင်ပြည်အတွင်း ၂၀၁၆-၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ ကန့်သတ် စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးသုဉ်းစေဖို့ ရည်ရွယ်ချက် (Genocidal Intent) မရှိဘူးလို့ ဖော်ပြထားပါတယ်။
ဒေသခံ တိုင်းရင်းသားတွေနဲ့ မူဆလင်တွေ နေရပ် စွန့်ခွာခဲ့ရတာကလည်း ARSA ကြောင့်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
AFP က ဒီအချက်တွေကို ICJ တရားရုံးက လျစ်လျူရှုထားလို့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
သံသယ ကင်းလွတ်သည်အထိ သက်သေပြရန် (Beyond Reasonable Doubt) လိုအပ်ချက်ကနေ သွေဖည်ပြီး တစ်ဆင့် ကြားအချက်အလက်တွေပဲပါတဲ့ FFM နဲ့ NGO အစီရင်ခံစာတွေအပေါ် အခြေခံဆုံးဖြတ်ထားတဲ့ စီရင်ချက်ဟာ တရားမျှတမှုနဲ့ ကင်းကွာတယ်လို့ AFP က ဝေဖန် ပြောဆိုထားပါတယ်။
AFP ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားပြီး ပကတိအခြေအနေမှန်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွား မထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမယ့် စစ်ကောင်စီအစိုးရရဲ့ ရပ်တည်ချက်ကို AFP အနေနဲ့ အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
