NewsPolitic

အာရက္ခပြည်တည်ဆောက်ရေးမှာ ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပြီး အတူလက်တွဲရမယ်လို့ ULA ဗဟိုရုံးတာဝန်ရှိသူ ပြော

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)

 အာရက္ခပြည်ကို ပုံဖော်တည်ဆောက်ရာမှာ လူမှုသဟဇာတရှိမှုက အသက်သွေးကြောဖြစ်ပြီး လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေကို ဖယ်ရှားပြီး အပြန်အလှန် နားလည်လေးစားမှုနဲ့ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ကြရမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုရုံးက တာဝန်ရှိသူ မလှမြခိုင်က ပြောကြားလိုက်ပါတယ်။

ULA အနေနဲ့ ရက္ခိတလမ်းစဉ်ကို ချမှတ်ပြီး အာရက္ခပြည်အတွင်း နေထိုင်ကြတဲ့ ပြည်သူလူထုအားလုံး တိုင်းပြည်တည်ဆောက်ရေးမှာ ကျရာတာဝန်ကို အတူတကွ ထမ်းဆောင်နိုင်ဖို့ ခေတ်သစ်၊ စနစ်သစ်၊ အယူအဆအသစ်တွေနဲ့အတူ အာရက္ခစံတန်ဖိုးတွေကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

သူတစ်ပါးအုပ်ချုပ်မှုအောက်မှာ နှစ်ကာလရှည်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ့အသိုင်းအဝိုင်းကြား သံသယတွေနဲ့ အက်ကြောင်းတွေ ထင်ကျန်ခဲ့ပေမယ့် သမိုင်းနဲ့ လက်ရှိကာလရဲ့ လူမျိုးရေး၊ ဘာသာရေး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပဋိပက္ခစက်ဝန်းထဲက လွတ်မြောက်နိုင်ဖို့ လူမှုသဟဇာတ တည်ဆောက်ခြင်းကသာ အဓိက သော့ချက်ဖြစ်တယ်လို့လည်း မလှမြခိုင်က ပြောပါတယ်။

လက်ရှိ လုံခြုံရေး အကျပ်အတည်းကာလမှာ အာရက္ခပြည်သူအားလုံး စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ မတူကွဲပြားမှုတွေကို ဒေသရဲ့ အလှတရားနဲ့ အားသာချက်အဖြစ် ရှုမြင်ပြီး အမြင်မတူမှုတွေ ရှိလာရင်လည်း တရားဥပဒေမူဘောင်အတွင်းက ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမယ်လို့ သူက တိုက်တွန်းထားတယ်။

အာရက္ခပြည်သူတိုင်းက မိမိတို့ရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်ကို အတူလက်တွဲပြီး အပြန်အလှန် နားလည်မှု၊ ခွင့်လွှတ်မှုနဲ့ တရားမျှတမှုတို့နဲ့ တည်ဆောက်နိုင်မှသာ ပြည်သူအားလုံးအတွက် လုံခြုံပြီး ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်မယ်လို့ မလှမြခိုင်က ပြောကြားခဲ့ပါတယ်။

Related posts

နတ်ရေကန်ရဲ့ ခြေကုပ်စခန်းတခု AA သိမ်းပိုက်

Rakhita Times

အမ်းလေကြောင်းတိုက်ခိုက်မှု စစ်သုံ့ပန်း ၁၀၀ ကျော်နဲ့ အရပ်သား သုံ့ပန်းများ သေဆုံး

Rakhita Times

စစ်တွေမှာ ဆန်ကြမ်းရှားနေ၊ ‌ဒေသခံအနေနဲ့ စစ်ဘေးရှောင်လို ရင်ဆိုင်နေရ

Rakhita Times

Leave a Comment