အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၆)
စာရေးဆရာ မောင်မေယု (ဘူးသီးတောင်) က ရက္ခိုင်ဘာသာစကား အရေးအသားနဲ့ ရေးဖွဲ့သီကုံးထားတဲ့ ရသစာတမ်း (၁၁) ပုဒ် ပါဝင်သော ‘အမိအိမ်သို့အပြန်’ အမည်ရ စာအုပ်သစ်ကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ စာအုပ်ရဲ့ မျက်နှာဖုံးဒီဇိုင်းနဲ့ အပြင်အဆင်များကို ဈာန်ရဲထွဋ်က ဖန်တီးပုံဖော်ပေးထားခြင်းဖြစ်ပြီး၊ စာအုပ်မျက်နှာဖုံးကို မြင်တွေ့ရရုံမျှဖြင့် ရင်ထဲထိခိုက်ကြေကွဲ ခံစားရကြောင်း စာဖတ်ပရိသတ်များထံမှ တုံ့ပြန်သံများ ကြားသိရသည့်အတွက် များစွာ ပီတိဖြစ်မိကြောင်း စာရေးသူက ဆိုပါတယ်။
မျက်နှာဖုံးဒီဇိုင်းကဲ့သို့ပင် စာအုပ်အတွင်းတွင် စုစည်းဖော်ပြထားတဲ့ ရက္ခိုင်ရသစာတမ်း (၁၁) ပုဒ်ရဲ့ အနှစ်သာရနဲ့ စာသားအရေးအသားများကိုလည်း စာဖတ်သူများအနေနဲ့ ဖတ်ရှုမြည်းစမ်းကြည့်ကြရန် စာရေးဆရာ မောင်မေယု (ဘူးသီးတောင်) က ဖိတ်ခေါ် တိုက်တွန်းထားပါတယ်။
လက်ရှိတွင် ‘အမိအိမ်သို့အပြန်’ စာအုပ်ကို တစ်အုပ်လျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ရက္ခိုပြည်အတွင်းရှိ စာဖတ်ပရိသတ်များထံ လက်လှမ်းမီသလောက် စတင် ဖြန့်ဝေရောင်းချပေးနေပြီလို့ သိရပါတယ်။
စာအုပ် ဝယ်ယူအားပေးလိုသူများအနေနဲ့ မြောက်ဦးမြို့ တောင်ရပ်ရှိ ကဝိကျော် စာအုပ်ဆိုင်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာရှိ ဆုလာဘ် စာရေးကိရိယာဆိုင်နဲ့ ဘူးသီးတောင်မြို့ အမှတ် (၃) ရပ်ကွက်ရှိ စန္ဒီစတိုးတို့တွင် ဝယ်ယူ ရရှိနိုင်ပြီလို့ သိရပါတယ်။
