NewsPolitic

အရင်အစိုးရလက်ထက်တွေကထက် အရပ်ဖက်အဖွဲ့အစည်းတွေ အားနည်းလာ

အာရက္ခတိုင်းမ်စ် (၂၈ နိုဝင်ဘာ ၂၀၂၆)

မြန်မာနိုင်ငံမှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ၂၀၁၀ ခုနှစ်ကနေစတင်ကာ စစ်အာဏာသိမ်းမှု မဖြစ်ခင်အချိန်ကနဲ့ နှိုင်းယှဉ်ရင် ပိုပြီးအားနည်းလာသလို လူထုအသံတွေကိုလည်း မတင်ပြနိုင်တော့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အရင်အစကို ပြန်သွားကြည့်လိုက်မယ်ပေါ့နော်။ ၂၀၁၀ လောက်ကို ပြန်သွားကြည့်မယ်ဆိုရင် အဲဒီအချိန်တုန်းက စပြီးတော့မှ ဒီလမ်းကြောင်းကို ပြန်ရောက်လာတယ်ပေါ့။ လွှတ်တော်လမ်းကြောင်းနဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့အချိန် ရှိခဲ့တယ်ပေါ့နော်။ အဲဒီမှာ ပြည်သူ့ကိုယ်စားလှယ်တွေအပေါ်မှာ ဒီလွှတ်တော်ထဲရောက်တဲ့ ကိုယ်စားလှယ်တွေကို ပြည်သူလူထုအသံကို ပို့ပေးမယ့် CSO ပေါ့။ လူထုအခြေပြု အဖွဲ့အစည်းတွေကနေပြီးတော့မှ လူထုတွေကတော့ ဘယ်နေရာမှာတော့ ဘယ်လိုမျိုး ကြုံနေရတယ်ပေါ့။ ဥပမာ အလုပ်သမားဆိုလည်း အလုပ်သမားအလျောက်၊ အမျိုးသမီးဆိုလည်း အမျိုးသမီးအလျောက်၊ ကလေးသူငယ်ဆိုလည်း ကလေးသူငယ်အလျောက်ပေါ့နော်။ သက်ဆိုင်ရာ ကဏ္ဍအလိုက်လုပ်နေတဲ့ CSO တွေက များတယ်။ များတော့ အဲဒီ CSO တွေကနေ Advocate လုပ်တာပေါ့။ ဒါလေးတွေတော့ လွှတ်တော်မှာ တင်ပြသင့်တယ်၊။ ဒါလေးတွေကိုတော့ လွှတ်တော်မှာ ဥပဒေအနေနဲ့ ပြဋ္ဌာန်းသင့်တယ် ဆိုတဲ့ဟာမျိုးဆိုတော့ ၂၀၁၀ လောက်ကအခြေအနေမျိုး ဆိုရင် ကောင်းတယ်ပေါ့။ အခုကြတော့ CSO တွေကလည်း အားမကောင်းဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလူမှုရေး ပြဿနာတွေအားလုံးက နိုင်ငံရေးပဋိပက္ခနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်လို့ ထောက်ပြကြပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အလှူရှင် (Donors) တွေရဲ့ ရန်ပုံငွေ ပေးအပ်မှုပုံစံတွေကလည်း လက်ရှိနိုင်ငံရေး အခြေအနေအပေါ် မူတည်ပြီး ပြောင်းလဲသွားလျက် ရှိနေတာပါ။

အဖွဲ့အစည်းတွေအနေနဲ့ ရပ်တည်နိုင်ဖို့ အလှူရှင်တွေ ဦးစားပေးတဲ့ ခေါင်းစဉ်တွေ နောက်ကို လိုက်ရင်းနဲ့ သာမန်လူထုရဲ့ အခြေခံလိုအပ်ချက်တွေကို ကိုယ်စားပြုနိုင်မှု အားနည်းသွားတာမျိုးလည်း ရှိတတ်တယ်လို့ ထောက်ပြကြပါတယ်။

ဒါကြောင့် လူထုအကျိုးကို ဦးစားပေးလုပ်ဆောင်တဲ့ အရပ်ဖက်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးကိစ္စတွေကို ရှောင်လွှဲလို့ မရတော့ဘဲ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ အလိုလို ပါဝင်ပတ်သက်လာရတာ ဖြစ်တယ်လို့ ယူဆကြတာပါ။

လက်ရှိမှာတော့ အရပ်ဖက်အဖွဲ့တွေဟာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ပျောက်ကွယ်သွားတာတွေ ရှိသလို လုပ်ပိုင်ခွင့် နည်းသွားတဲ့ အဖွဲ့တွေလည်း ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“CSO တွေ ကိုယ်တိုင်ကလည်း နိုင်ငံရေးနဲ့ သွားနွယ်တယ်ပေါ့။ ပြည်သူလူထုအရေး လုပ်ရမယ့်အစား နိုင်ငံရေး သွားနွယ်ပြီးတဲ့နောက်မှာ CSO တွေလည်း ပျောက်တဲ့ဟာတွေလည်း ပျောက်ကုန်တယ်။ ကျန်နေတဲ့ CSO ဟာတွေလည်း လုပ်ပိုင်ခွင့်တွေ နည်းပြီးတော့မှ CSO တွေက ပြည်သူလူထုအသံကို လွှတ်တော်ထဲကို ကြားခံအနေနဲ့ မပို့ပေးနိုင်တဲ့အခါ လူထုက တိုက်ရိုက် လွှတ်တော်ကိုယ်စားလှယ်တွေကို သွားပို့ဖို့ကြတော့လည်း ခက်ခဲနေတာပေါ့နော်။ အဲဒီလမ်းကြောင်းတွေ ကျပ်နေသေးတယ်လို့ ထင်တယ်။ နောက်တစ်ခုက လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း အရင်ခေတ်တုန်းကတော့ ကွင်းဆင်းတာမျိုးတွေ၊ လူထုစကား နားထောင်တာမျိုးတွေ လုပ်တယ်ပေါ့နော်။ အခုဆို ရှမ်းမြောက်မှာဆို သီပေါလွှတ်တော်အမတ်တစ်ယောက်ပဲ အဲဒီလို လူထုနဲ့ တော်တော် ထိတွေ့တယ်ဆိုတဲ့ဟာမျိုး တွေ့တယ်။ ကျန်တဲ့ မြို့နယ်တွေမှာ သိပ်မတွေ့ဘူး” လို့ သူက ပြောပါတယ်။

အရပ်ဖက်အဖွဲ့တွေဟာ စစ်ကောင်စီလက်အောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လုံးဝနီးပါး ပိတ်ပင်ခံထားရတာနဲ့ အဖွဲ့အစည်းတွေကိုယ်တိုင် ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရတာ တို့ကြောင့် မူလရည်မှန်းချက်ဖြစ်တဲ့ လူထုကိုယ်စားပြု အသံထုတ်ဖော်မှုအပိုင်းမှာ အားနည်းသွားရတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်မှုတွေ ရှိပါတယ်။

Related posts

သစ္စာဖောက်တယောက်ပေါ်ရုံနဲ့ တော်လှန်ရေး ဘာမှမဖြစ်

Rakhita Times

မြောက်ဦးကို ညအချိန် စစ်ကော်မရှင် ဗုံးကြဲလို့ ပြည်သူ ၁၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရ(Breaking News)

Rakhita Times

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား

Rakhita Times

Leave a Comment