Home Page 14
NewsPolitic

ရက္ခိုင်က နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရန် လုလုအောင် သိန်း ၃၀ လှူဒါန်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရန် လုလုအောင်က သိန်း ၃၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလှူငွေ သိန်း ၃၀ ကို နို့စို့အရွယ်ကလေးများ နို့မှုန့်အာဟာရပြည့်ဝစေရေးအတွက် ကူညီပေးနေတဲ့ အရွယ်စုံ Arakanese Ladies ထံ လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ “ အလှူရှင် မလုလုအောင် မိသားစု ကောင်းကျိုးလိုရာဆန္ဒမှန်သမျှ ပြည့်ဝပြီး စိတ်ရှိတိုင်း လက်မှာရပါစေ၊ ဆန္ဒနဲ့ဘဝ တထပ်တည်းကျပါစေ။ လိုအင်ဆန္ဒမှန်သမျှ ပြည့်စုံပြီး အလုပ်အကိုင်အဆင်ပြေ၍ စီးပွါးတိုးတက်ပါစေ။ နောက်လဲ လှူဒါန်းမှုတွေ အများကြီးလုပ်နိုင်ပါစေ”  လို့ အရွယ်စုံ Arakanese Ladies ဆိုပါတယ်။ အလှူအမှတ်စဉ် ၃၃၀ အနေနဲ့ လုလုအောင် က အရွယ်စုံ Arakanese Ladies ထံ လှူဒါန်းခဲ့တာပါ။ “ သာလီစွပါ တမြေထဲက သွေးချင်းမောင်နှမတွေတွက် ခေးကြီးရဲ့ မေတ္တာရေကြည်တပေါက်”  လို့ လုလုအောင်က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြရေးသားထားပါတယ်။
NewsPolitic

ချောင်းတူရွာအနီး အကျဉ်းစခန်းပတ်ဝန်းကျင်ကို စကမ ထပ်မံဗုံးကြဲ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ကြား၊ ချောင်းတူရွာအနီး စစ်သုံ့ပန်း အကျဉ်းစခန်းထားရှိခဲ့တဲ့နေရာ အနီးတဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။  စစ်ကော်မရှင်တပ်ဟာ ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၉ နာရီ ဝန်းကျင်နဲ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီကျော် အချိန်မှာ ကျောက်တော်မြို့နယ်၊ ချောင်းတူရွာအနီးဝန်ကျင်နဲ့ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတို့ကို ဗုံးကြဲခဲ့ပါတယ်။  ယနေ့ နံနက်က ဗုံးကြဲမှုဟာ ဝါဘိုကျေးရွာ စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲ သွားခဲ့တယ်လို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။  “ချောင်းတူဖက်ကို ကြဲတာက အရင်တုန်းက ပစ်ခဲ့တဲ့ စစ်သုံ့ပန်းတွေ ရှိခဲ့တဲ့နေရာ အနီးဝန်းကျင်ကို လာကြဲတာ။ စစ်သုံ့ပန်းတွေ ရှိသေးတယ်ထင်လို့ လာကြဲတာထင်တယ်။ အဲ့အနီးက တောင်တန်းတွေကို ကြဲခဲ့တယ်။ ဒီနေ့မနက်ကတော့ ဝါဘိုရွာ စာသင်ကျောင်းကို ကြဲသွားတယ်” လို့ သူက ဆိုပါတယ်။  အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ချောင်းတူရွာအနီး အကျဉ်းစခန်းကို ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းများအပါအဝင် သူတို့ရဲ့ မိသားစုဝင် ၂၁ ဦးသေဆုံးသွားခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်။  ဒါ့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို ဗုံးကြဲခဲ့မှုကြောင့် လသားကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦးနဲ့ သေဆုံးခဲ့ရပါတယ်။
NewsPolitic

ပလက်ဝတွင် ၇၈ ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  ကျင်းပပြုလုပ်၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက် ဂုဏ်ပြု

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ပလက်ဝခရိုင်အတွင်းရှိ ချင်းလူမျိုးတွေရဲ့ (၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းက အာရက္ခတပ်တော် ထိန်းချုပ်​နယ်မြေတနေရာမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ (၇၈) ကြိမ်မြောက် “ ချင်းအမျိုးသားနေ့”  အခမ်းအနားတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဂုဏ်ပြုသဝဏ်လွှာပေးပို့ပြီး ဖတ်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အခမ်းအနားကို ချင်းလူမျိုးတွေ၊ ချင်းမျိုးနွယ်စု​ဝင်တွေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ၊ ခရိုင်ပါတီက အကြီးအကဲတွေနဲ့ ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ အာရက္ခတပ်တော်က ပေးပို့တဲ့ သဝဏ်လွှာမှာ ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုတွေအနေနဲ့ အမျိုးသားတန်းတူအခွင့်ရေးနဲ့ အာရက္ခတိုင်းပြည်တည်ဆောက်ရေးနဲ့​ ဒေသဖွံ့ဖြိုးရေးကဏ္ဍတွေမှာ အတူတကွ ပါဝင်တည်ဆောက်ကြဖို့ကိုလည်း ဖော်ပြပါရှိပါတယ်။ Ref & Photo – We Love Paletwa
NewsPolitic

မောင်တော နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို ပြန်လည်ပြုပြင်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ် မောင်တောမြို့နဲ့ ဘော်တူလာရွာကြားရှိ တံတားငယ် ၁၀ စင်းကျော်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ပြန်လည်ပြုပြင်ပေးနေတယ်လို့ သိရပါတယ်။ အလားတူ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ပျက်စီးနေတဲ့ လမ်းများကိုလည်း ပြုပြင်ပေးနေတယ်လို့လည်း သိရပါတယ်။ “ မောင်တောနဲ့ ဘောတူလာရွာအထိဆိုရင် မိုင်အားဖြင့် ၄၀ ကျော်တယ်။ အဲလမ်းမှာ မြစ်လက်တက်တွေကို ဖြတ်ထိုးထားတဲ့ တံတားပေါင်း ၁၀ စင်းကျော် ရှိပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင်ပေးနေတာ”  လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စည်ပင်သာယာရေးဌာနက ဖေဖော်ဝါရီလဆန်းကစတင်ကာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ လမ်းနဲ့ တံတားတွေကို စတင်ပြုပြင်ပေးနေတာလည်း ဖြစ်ပါတယ်။ “ အခုတွေ့နေရတာကတော့ ဖားဝပ်ချောင်းရွာနားက လမ်းမကြီးကို ကတ္တာရာတွေ ပြန်လောင်းပေးနေတယ်။  ပြီးတော့ အောင်ချမ်းသာတံတားကိုတော့ သစ်သားတွေအစား သံပြားတွေနဲ့ အစားထိုး ပြုပြင်နေတာကို တွေ့နေရတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ စစ်ရေးအရ ရှုံးနိမ့်သွားတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က မစွန့်ခွာခင်တွင် တံတားများကို မိုင်းခွဲဖျက်စီးခြင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းများ ပြုလုပ်ခဲ့လို့ ပျက်စီးနေတဲ့ တံတားများကို ပြန်လည်ပြုပြင်နေရတာလည်း ဖြစ်ပါတယ်။
NewsPolitic

မောင်တောတွင် ၇၅ ကြိမ်မြောက် သျှီဝရာသ်ရီး ပွဲတော် ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကမ်းခြီရှိ ရာမတောင်တွင် ပြုလုပ်တဲ့ ဟိန္ဒူဘာသာဝင်များရဲ့ (၇၅) ကြိမ်မြောက်  သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို  ဖေဖော်ဝါရီလ (၁၆) ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟိန္ဒူဘာသာဝင်များအပါအဝင် ကမ္ဘာသူ၊ ကမ္ဘာသားတရပ်လုံး ငြိမ်းချမ်း၊ ပျော်ရွှင်မှုတွေ ရရှိစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီလ (၁၅) ရက် ရောက်တိုင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ သျှီဝရာသ်ရီး ဘုရားကို နွားနိုရည်များဖြင့် (၂) ရက်တိုင်တိုင် ဘုရားရေချိုး ဆုတောင်းပွဲများ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဘုရားရေချိုးပွဲကို အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်များ လာရောက် ဆုတောင်းပြီး ဘုရားပွဲရောက်ရှိသူများအနေနဲ့ ဥပုဒ်စောင့်ခြင်း၊ သတ်သတ်လွတ်စားခြင်း၊ မီးထွန်းဆုတောင်းခြင်း၊ပရိတ်ရွက်ဖတ်ပူဇော်ခြင်း အပါအဝင် နောက်ဆုံးတွင်   သျှီဝရာသ်ရီးဘုရားကို နွားနို့များဖြင့် ရေချိုးပူဇော်မှုများကို ဖေဖော်ဝါရီလ (၁၅) ရက်ကနေ (၁၆) ရက်အထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သျှီဝရာသ်ရီး ဘုရားရေချိုးပွဲကို ဟိန္ဒူဘာသာဝင် (၄ဝ၀) ခန့် လာရောက်ခဲ့ကြပြီး မိသားစုဝင်များ ၊ အိမ်ထောင်သည်များအနေနဲ့ အတူတကွ လာရောက် ရေချိုးပေးခြင်းဖြင့် အလုပ်အကိုင် အဆင်ပြေခြင်း၊ ပညာရေး၊ စီးပွားရေးများ အောင်မြင်ခြင်း စတဲ့ ကောင်းခြင်းမင်္ဂလာများဲ့့ ပြည်စုံခြင်းကြောင့် ဟိန္ဒူဘာသာဝင်များ အထွဋ်တမြတ်ထားတဲ့ ဘုရားပွဲတခုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၃) ရက်ကလည်း မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြီအတွင်း ဟိန္ဒူဘာသာဝင်များအနေနဲ့ မဟာရာမယန ဟရီနမ” ရာမ”  အသံမစဲ ပဋ္ဌာန်းပွဲတော်ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ Ref & Photo – Arakan Princess Media
NewsPolitic

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆)  ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာတွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲမှုလို့ လူငယ်တဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။  “ သီဟိုဠ်ခြံမှာ သားအဖနှစ်ယောက် မြက်ရှင်းနေရင်းနဲ့ သားဖြစ်သူက စစ်ကော်မရှင်တပ်က ထောင်ထားခဲ့တဲ့ မိုင်းကို ဓါးနဲ့ ထိမိလို့ ပေါက်ကွဲပြီး ဒဏ်ရာ ပြင်ထန် ရရှိခဲ့တာ”  လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ စစ်ကျန်မိုင်းကြောင့် ပြင်းထန် ဒဏ်ရာ ရရှိသွားသူမှာ ရက္ခိုင်ပြည် အမ်းမြို့နယ်၊ ကံ့ကော်ရိပ် (ခ) မီးလောင်ချောင်းရွာနေ အဖ ဦီးကျော်နိုင်ရဲ့ သာဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်  ငြိမ်းချမ်းကျော် ဖြစ်တယ်လို့ သိရပါတယ်။ “ အဲဒီမိုင်းက ပေါက်ကွဲပြီးတော့ ကလေးရဲ့ မျက်နှာတွေကို စင်တာလေ၊ မျက်နှာတခုလုံး ပြင်းပြင်းထန်ထန်ကို ဒဏ်ရာတွေ ရသွားတာ”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၈ ရက်ကလည်း စစ်ကော်မရှင် ထောင်ထားခဲ့တဲ့ စစ်ကျန်မိုင်းတလုံး ပေါက်ကွဲလို့ အမ်းမြို့နယ်၊ ပြောင်းချောင်းရွာက လင်မယားနှစ်ယောက် ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
HealthNewsPolitic

ရက္ခိုင်ပြည်အတွင်းရှိ ဆေးခန်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန စစ်ဆေးနေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ ပြည်သူများအနေနဲ့ ဆေးဝါးနဲ့ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးအန္တရာယ်များ မဖြစ်လာစေရန်အတွက် ဒီလပ် (DLEPS) ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဌာန နဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဆေးကုသခွင့် ရရှိရေးအတွက် အာရက္ခပြည်သူ့ကျန်းမာရေးဌာနတွင် တရားဝင်လိုင်စင် လျှောက်ထားရမည်ဖြစ်ပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ‌ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းများ တွေ့ရှိပါက ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ ပူးပေါင်းအဖွဲ့တို့ ကွင်းဆင်းစစ်ဆေးရာတွင် ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အာရက္ခပြည့်သူ့ကျန်းရေးဌာနအနေနဲ့ ဇန်နဝါရီလစပြီး မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်များရှိ ဆေးခန်း၊ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချနေမှုများ၊ တရားမဝင်ဆေးဝါး ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
BusinessNewsPolitic

မီဇိုယာဥ်မောင်း သေဆုံးလို့ အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မည်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံသား ယာဥ်မောင်းတဦး သေဆုံးလို့ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်တို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယဘက်ခြမ်းက နယ်စပ်ကုန်သွယ်ရေးလမ်းများကို ပိတ်ဆို့သွားမယ်လို့ ဒေသခံ လိုင်လူငယ်အဖွဲ့အစည်းက (CYLA) ဆိုပါတယ်။ သေဆုံးသွားသူမှာ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်၊ အေအိုစီရပ်ကွက်နေ အသက် ၃၇နှစ် အရွယ်ရှိ ပူးလားရမ်စန်းငါ ဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို နေရပ်သို့ ပြန်လည်သယ်ဆောင်လာပြီး ဆေးရုံတွင် စစ်ဆေးနေပြီး ဒဏ်ရာတချို့ ရရှိထားပြီး မတော်တဆသေဆုံးမှု သို့မဟုတ် လူသတ်မှုဖြစ်တယ်ဆိုတာကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ကြောင့် လောင်တလိုင်ခရိုင် လိုင်လူငယ်အဖွဲ့အစည်း CYLA နဲ့ ရှဟာခရိုင် မရာလူငယ်အဖွဲ့အစည်း (MTP) တို့ ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ဆုံခဲ့ပြီးနောက် ကုန်သွယ်မှုအားလုံးကို ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ သေဆုံးသူဟာ သူ့ညီနဲ့အတူ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာကို ကုန်ပစ္စည်းများပို့ရန် ပစ်ကပ်ကားနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်တွင် သွားရောက်ခဲ့ပြီး ပျောက်ဆုံးသွားတာလည်း ဖြစ်ပါတယ်။ သေဆုံးမှု ဖြစ်ပွားခဲ့တဲ့နေရာကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ထံကိုလည်း အမှုဖော်ထုတ်ပေးရန် CYLA က တောင်းဆိုထားတယ်လို့ သိရပါတယ်။
NewsPolitic

စစ်ကိုင်းတွင် AA ရောက်ရှိနေလို့ မင်းအောင်လှိုင် ကိုယ်တိုင် ဟုမ္မလင်းသွား စည်းရုံးရေးဆင်း

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကိုင်းတိုင်းတွင် အာရက္ခတပ်တော် ရောက်ရှိနေပြီး ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်ရဲ့ ကိုးတောင်ဘို့စခန်းသိမ်းအပြီးတွင် စစ်ကော်မရှင်ခေါင်ဆောင် မင်းအောင်လှိုင်ကိုယ်တိုင် စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်းတပ်နယ်ကို ကိုယ်တိုင်သွားရောက် စည်းရုံးရေး ဆင်းနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းတွေ ဖြစ်တဲ့ ကိုးတောင်ဘို့စခန်း အပါအဝင် စခန်း ၄ ခုကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်အပြီးမှာ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်ရှိ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးများ စခန်းဖြစ်တဲ့ ကိုးတောင်ဘို့၊ ပေကြီး၊ ငှက်ပျောတိုင် နဲ့ အင်တိုင် စတဲ့ စခန်း ၄ ခု ပဲ ဖြစ်ပါတယ်။ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်မလာခင်တွင် ဟုမ္မလင်းတပ်နယ်ကို အင်းအားနဲ့ ခဲယမ်းများစွာ ပို့ဆောင်ခဲ့ပြီး ပြန်လည် ထိုးစစ်ဆင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဟာ “ နိုင်ငံရေး အကြောင်းပြပြီး ကိုယ်ကျိုးအတွက် သယံဇာတများကို တရားမဝင် ထုတ်ယူမှု အမြောက်အများရှိပြီး လက်နက်အားကိုးနဲ့ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံကာ ကိုယ်ကျိုးသုံးနေကြတယ်”  လို့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က ဟုမ္မလင်းတပ်နယ်တွင် သူ့လက်အောက်ငယ်သားတွေကို ပြောကြာခဲ့ပါတယ်။ အာရက္ခတပ်တော် (AA) နဲ့အတူ NUG လက်အောက်ခံတပ်ဖြစ်တဲ့ ကန့်ဘလူ၊ ကောလင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ကန့်ဘလူခရိုင် (ပကဖ)၊ ကန့်ဘလူ၊ ခင်ဦး၊ ကျွန်းလှ၊ တန့်ဆည် စတဲ့ မြို့နယ် ပကဖများအပြင် ဒရုန်းတပ်ဖွဲ့ လက်နက်ကြီးတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ကိုင်းတိုင်းက စစ်ကော်မရှင်ရဲ့ စခန်းတွေကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
BusinessNewsPolitic

တရားမဝင် ဝင်ရောက်ငါးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သား (၇၃) ယောက်ကို ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ AA ပြန်လည်လွှဲအပ်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၇ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ရေလုပ်သား (၇၃) ယောက်ကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်နဲ့ အဆက်အသွယ်ပြုလုပ်ကာ အထောက်အထား စုံစမ်းစစ်ဆီးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ် တာဝန်ရှိသူတွေထံ ပြန်လည် လွှဲပြောင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။  ပြန်လည် လွှဲပေးလိုက်တဲ့ ငါးခိုးဖမ်းသမား (၇၃) ယောက်အနေနဲ့လည်း နောက်နောင်တွင် ရက္ခိုင်ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြီး ငါးခိုးမဖမ်းတော့ပါဘူးလို့ ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် ရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်လာပြီး ငါးဖမ်းနေသူတွေကို အာရက္ခတပ်တော်က ဖမ်းဆီးကာ စတင်အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီဖြစ်တယ်လို့ အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သတင်းထုတ်ပြန်ထားပါတယ်။ အာရက္ခစစ်သည်တော်တွေ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင်ပြည်နေ အပြစ်မဲ့ အရပ်သားပြည်သူတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားဘက်လိုက်မှုမရှိဘဲ အသက်၊ အိုးအိမ်၊ စည်းစိမ် နဲ့ လုံခြုံရေးတို့ကို အထူးအလေးထားသလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နတ်မြစ်ကြောင်းတလျှောက်က အကြမ်းဖက်သမားတွေ ခိုအောင်းကျက်စားနိုင်မှုမရှိစေရေးအတွက်ကိုလည်း ဒေသခံပြည်သူလူ ထုတွေ နဲ့ ပူးပေါင်းပြီး အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ သိရပါတယ်။ Ref & Photo – APM