ရင်ငြိမ်းမြို့
လာမယ့် စက်တင်ဘာလ (၁၈) ရက်နေ့ဟာ “ကမ္ဘာ့ဝါးပင်များနေ့” ဖြစ်ပါတယ်။ အစိမ်းရောင် သဘာဝပတ်ဝန်းကျင်၊ အစိမ်းရောင် ကမ္ဘာ စတဲ့ ကြွေးကြော်သံတွေကြားထဲမှာ မောဟိုက်လှိုက်ဖို နေရရှာတဲ့ ကမ္ဘာမြေကြီးအတွက် ကမ္ဘာ့ဝါးပင်များနေ့ဟာ နှစ်သိမ့်ခြင်းတခု ဖြစ်ပါလိမ့်မယ်။ လူတွေရဲ့ အခြေခံ လိုအပ်ချက်တထောင့်တနေရာကို ဖြည့်စည်းပေးရုံသာမကပဲ ကမ္ဘာမြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်အတွက်လည်း မရှိမဖြစ် လိုအပ်တဲ့ ဝါးပင်၊ ဝါးတောတွေကို ကာကွယ်ထိန်းသိမ်းခြင်းဟာ ဝမ်းမြောက်စရာ အကြောင်းတခုပဲ ဖြစ်ပါတယ်။
ဝါးတောတွေဟာ သာမန်သစ်တောတွေထက် ရေကို နှစ်ဆ ထိန်းပေးနိုင်တယ်လို့ ဆိုပါတယ်။ ၆ ကုဗမီတာရှိတဲ့ ရေမြေသြဇာကို ဝါးရုံတရုံက အသာတကြည်ပဲ ထိန်းသိမ်း ပေးထားနိုင်ပါတယ်။ ဝါးတောတွေဟာ သစ်တောတွေထက် အောက်ဆီဂျင်ကို ၃၅ ရာခိုင်နှုန်းအထိ ပိုမိုပြီး ထုတ်လွှတ်နိုင်ပါတယ်။ သစ်တောတစ်ဟက်ကာထက် ဝါးတောတစ်ဟက်ကာက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ၅ ဆခန့် ပိုပြီးတော့ စုပ်ယူနိုင်ကြောင်း သုတေသနမှတ်တမ်းတွေက ဆိုပါတယ်။ ကမ္ဘာကြီး ပူနွေးလာခြင်းအတွက် စိုးရိမ်နေကြရတဲ့ ဒီဘက်ခေတ်မှာ သစ်တောတွေနဲ့တန်းတူ ဝါးတောတွေကို စနစ်တကျ ပြုပြင် ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင် ကမ္ဘာမြေ စိမ်းလန်းရေးကို အထောက်အကူကောင်းတစ်ခု ဖြစ်စေပါလိမ့်မယ်။
ကမ္ဘာ့ဝါးတောပိုင်ဆိုင်မှု အများဆုံးနိုင်ငံတွေကတော့ အိန္ဒယနိုင်ငံနဲ့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ကမ္ဘာ့အဆင့် ဝါးတော အပေါများဆုံး နိုင်ငံတွေထဲမှာ တတိယနေရာက ရပ်တည်ခဲ့ဖူးကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။ ဝါးမျိုးစိတ် အပေါများဆုံး နိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံဟာ တရုတ်၊ ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့နောက်မှာ မျိုးစိတ်ပေါင်း (၁၀၀) ကျော်နဲ့ အဆင့် (၄) အဖြစ် ရပ်တည်ခဲ့ဖူးပါတယ်။
တောင်တန်း တောင်စွယ်တွေ ပေါများလွန်းတဲ့ တိုင်းရင်းသား ဒေသတွေမှာ သစ်တောတွေနဲ့ယှဉ်ပြီး ဝါးတောတွေ ထူထပ်စွာ ပေါက်ရောက် နေတတ်ကြပါတယ်။ ရက္ခိုင်ရိုးမ၊ ရှမ်းရိုးမ၊ ချင်းတောင်တန်း၊ ပဲခူးရိုးမနဲ့ တနင်္သာရီတိုင်းတို့လို နေရာမျိုးမှာ ယိမ်းနွဲ့ လှုပ်ခါနေကြတဲ့ ဝါးတောတွေကို ရှုမငြီးနိုင်တမ်း တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ဝါးတောတွေဟာ တောင်ယာခုတ်သူတွေ၊ ကျေးလက်နေ အခြေခံ လူတန်းစားတွေနဲ့ ဝိသမ လောဘသား စီးပွားဖြစ်သမားတွေရဲ့ လုပ်ရပ်တွေကြောင့် တဖြည်းဖြည်း တိမ်ကော ပျက်စီးလာနေခဲ့ပါပြီ။
အာရက္ခပြည်ဟာ ပထဝီအနေအထားအရ မြစ်ချောင်း အင်းအိုင်တွေနဲ့ တောင်စဉ် တောင်တန်းတွေ ပေါများတယ်။ အနောက်တောင်မုတ်သုန်လေ အစောဆုံးဝင်ရောက်ရာ ဒေသမြေဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်အော်ရဲ့ ပြုပြင်ဖန်တီးပေးမှုကြောင့် ပျမ်းမျှခြေ မိုးရေချိန် လက်မ ၂၀၀ ဝန်းကျင်ကို ရရှိပါတယ်။ မြေဆီမြေသားနဲ့ ရာသီဥတု ကောင်းမွန်မှုကြောင့် အာရက္ခပြည်ရဲ့ နယ်နိမိတ် တစ်ဝက်ခန့်ကို သဘာဝ ပေါက်ပင်တွေက ဖုံးလွှမ်းထားကြပါတယ်။ သစ်တောတွေနဲ့အတူ ဝါးတောကြီးတွေလည်း သဘာဝအလျှောက် ထူထပ်စွာ ရောပွန်း ပေါက်ရောက်နေတတ်ကြတယ်။ တတောလုံးကို ဝါးတောသီးသန့် ပေါက်ရောက်နေတဲ့ တောတောင်တွေလည်း အာရက္ခပြည်ထဲမှာ အများအပြားပဲ ရှိနေပါတယ်။
မှတ်တမ်းတွေအရ ရက္ခိုင်သစ်တောတွေထဲမှာ ခရင်ဝါးတစ်မျိုးတည်း သီးသန့် စတုရန်းမိုင် ၃၀၀၀ ကျော် ပေါက်ရောက်နေကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။ အာရက္ခပြည်ထဲက သစ်တောတွေနဲ့ ဝါးတောတွေဟာ ရွှေ့ပြောင်း တောင်ယာလုပ်သားတွေနဲ့ သစ်ထုတ်လုပ်သူတွေကြောင့်လည်း မျိုးသုဉ်းခြင်းအဆင့်အထိ ရောက်ရှိနေကြရတယ်။ တောင်ယာခုတ်သူတွေဟာ သူတို့တွေရဲ့ နေထိုင် လုပ်ကိုင် စားသောက်မှုနဲ့ ကိုက်ညီမယ့် ဘယ်လို တောမျိုးကိုမဆို ခုတ်ထွင်ရှင်းလင်းကြဖို့ ဝန်မလေးတတ်ကြပါဘူး။ အာရက္ခပြည်ရဲ့ တောင်တန်းတွေပေါ်မှာ တောစိမ်းတွေနဲ့အတူ ဝါးတောကြီးတွေ ရှိခဲ့ဖူးပေမယ့် ခုအချိန်မှာတော့ တ ချိန်တုန်းက ဒဏ္ဍာရီအဖြစ်သို့ ဆိုက်ရောက်သွားခဲ့ပါပြီ။
ရက္ခိုင့်ဝါးတောတွေဟာ အထက်ရွက်ပြတ် ရောနှောတောမျိုးတွေမှာ ကျယ်ပျံ့စွာ ပေါက်ရောက်ကြကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။ ပေါက်ရောက်တဲ့ဝါးအမျိုးအစားထဲမှာ ခရင်ဝါးက အပေါများဆုံး ဖြစ်တယ်။ ၁၉၂၀ ခုနှစ် အင်္ဂလိပ်အစိုးရတို့ ဖွဲ့စည်းခဲ့တဲ့ သစ်တောဧရိယာ ၃၉၅ စတုရန်းမိုင် ရှိခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ၅၉ စတုရန်းမိုင်ခန့်ပဲ သစ်တောကြိုးဝိုင်းအင်္ဂါရပ်နဲ့ ညီမျှပြီးတော့ ကျန်တဲ့ သစ်တောဧရိယာထဲမှာ အမြဲစိမ်း ဝါးတောကြီးတွေ ထူထပ်စွာပေါက်ရောက်နေကြကြောင်း ဖော်ပြထားတယ်။ ၁၉၁၉ ခုနှစ်မှာ အင်္ဂလိပ်တို့ဟာ ရက္ခိုင်ရိုးမပေါ်က ရူးချောင်းကြိုးဝိုင်းကို ဖွဲ့စည်းခဲ့ကြတယ်။ ရူးချောင်းကြိုးဝိုင်းဟာ ဝါးတောတွေ ထူထူထပ်ထပ် ပေါက်ရောက်နေတဲ့အတွက် အင်္ဂလိပ်တွေ သတ်မှတ်ချက်ထဲက သစ်တောကြိုးဝိုင်းတစ်ခုရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီပါဘူး။ ဒါပေမယ့် အင်္ဂလိပ်တို့ရဲ့ စက္ကူပျော့ဖတ် ထုတ်လုပ်မယ့် စီမံကိန်းအရ ကြိုးဝိုင်းတစ်ခုအဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် မဖြစ်မီအချိန်က အင်္ဂလိပ်အစိုးရတို့ဟာ စီးပွားဖြစ် ဝါးလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သစ်တောတွေကို စနစ်တကျ ကွင်းဆင်း လေ့လာခဲ့ကြပြီး ဝါးပေါက်ရောက်မှု အခြေအနေကို လေ့လာ မှတ်တမ်းတင်ခဲ့ကြပါတယ်။ W.Raith ရဲ့ မှတ်တမ်းအရ ရက္ခိုင့်သစ်တောနယ်ဟာ ၁၉၂၈ ခုနှစ်မှာ ၁၆၀၀၀ စတုရန်းမိုင်ရှိကြောင်း ဆိုပါတယ်။ ၁၉၃၄- ၄၀ ခုနှစ်တွေမှာ စိုင်းဒင်ရေဝေ (၇၅) စတုရန်းမိုင်၊ လေးမြို့ရေဝေ (၄၈၅) စတုရန်းမိုင်ရှိကြောင်း J.D Braith Waite ရဲ့ မှတ်တမ်းက ပြဆိုတယ်။ ၁၉၅၃ ခုနှစ်မှာတော့ Knappen Tippets Abett Engg Co. ရဲ့ မှတ်တမ်းအရ စိုင်းဒင်ရေဝေ၊ လေးမြို့ရေဝေနဲ့ ကုလားတန်ရေဝေတို့မှာ ဝါးတော စုစုပါင်း (၁၀၀၀) စတုရန်းမိုင်ရှိကြောင်း မှတ်တမ်းတင်ခဲ့ ထားခဲ့ကြတယ်။ ၁၉၅၄ ခုနှစ်မှာ Hitachi Overseas Co.poration က စိုင်းဒင်၊ ကုလားတန်၊ လေးမြို့၊ တရွေးနဲ့ အမ်းရေဝေတွေထဲမှာ ဝါးတောဧရိယာ (၁၆၀၀) စတုရန်းမိုင် ရှိကြောင်း ထပ်ဆင့် ဖော်ထုတ်ခဲ့ပြန်တယ်။
၁၉၇၇ ခုနှစ်မှာတော့ Sand Well management consulatant Ltd ဟာ ထုတ်လုပ်ဖို့ အသင့်အနေထားနဲ့ အကောင်းဆုံး ဝါးတောတွေကို လေယာဉ်နဲ့လေ့လာခဲ့တယ်။ သူတို့တွေရဲ့ တွေ့ရှိချက်အရ အကောင်းဆုံး အနေအထား ရှိနေတဲ့ဝါးတောတွေဟာ လေးမြို့ရေဝေ (၃၂၀)၊ ဒလက်ရေဝေ (၄၅၀) နဲ့ အမ်းရေဝေမှာ (၄၃၀) အသီးသီးရှိနေကြောင်း ဖော်ပြခဲ့ကြတယ်။
ဝါးတစ်လုံးရဲ့ သက်တမ်းဟာ (၁၀) နှစ် သို့မဟုတ် (၁၂) ခန့်အထိ ရှိကြောင်း ဆိုပါတယ်။ သာမာန် ဝါးတောတစ်တောရဲ့ ဝါးပေါက်ရောက်နှုန်းဟာ တစ်ဧကကို ဝါးပင်ပေါင်း (၃၀၀၀ နဲ့ ၆၀၀၀ အတွင်း) မှာ ရှိတတ်ပါတယ်။ တောအမျိုးအစား ကောင်းလွန်းတဲ့ ဝါးတောမျိုးမှာတော့ တစ်ဧက ဝါးပေါက်ရောက်နှုန်းဟာ အပင်ပေါင်း (၇၀၀၀ နဲ့ ၁၃၀၀၀ အထိ) ရှိတတ်ကြောင်း မှတ်တမ်းတွေက ဆိုတယ်။ နှစ်စဉ် ဝါးအထွက်တိုးနှုန်းကို လေ့လာရာမှာ ၁၅ ရာခိုင်နှုန်း နဲ့ ၂၀ ရာခိုင်နှုန်းကြားထဲမှာ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ကြတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ဝါးတောတစ်ဧကမှာ ဝါးခြောက်တန်ချိန် အနည်းဆုံး (၂တန်) ထွက်ရှိကြောင်း ပြဆိုပါတယ်။ ဝါးခြောက်တစ်တန်မှာ ဝါးလုံးရေ အနည်းဆုံး ၃၀၀ နဲ့ ၅၀၀ အကြားထဲမှာ ရှိကြောင်း ဆိုကြတယ်။
အင်္ဂလိပ်တွေ လေ့လာတွေ့ရှိချက်အရ အာရက္ခပြည်ထဲမှာ ဝါးတောဧရိယာပေါင်း (၃၄၈၈၀၀၀) ဧကအထိ ရှိကြောင်း မှတ်တမ်းတင်ခဲ့ကြတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ အာရက္ခပြည်ထဲက တောတောင်တွေထဲမှာ ဝါးတောတွေ ပျောက်ခြင်းမလှ ပျောက်ရှခဲ့ရပါပြီ။ ဝါးတောတွေဟာ ပျမ်းမျှ အနှစ် ၄၀ ကနေ အနှစ် ၅၀ အတွင်းမှာ ဝါးပွင့်သုဉ်းလေ့ရှိကြတယ်။ ရက္ခိုင့်ဝါးတောတွေထဲက ခရင်ဝါးတွေဟာ ၁၈၆၄ – ၁၈၆၉၊ ၁၉၀၂ – ၁၉၁၅၊ ၁၉၅၉ – ၁၉၆၀ ခုနှစ်တွေမှာ ဝါးပွင့်သုဉ်းခဲ့ကြတယ်။ တရဂူဝါးတွေက ၁၉၂၆၊ ၁၉၂၉ ခုနှစ်တွေမှာ ပွင့်သုဉ်းခဲ့တယ်။ ရက္ခိုင်ပြည်ထဲမှာ ပေါက်ရောက်ခြင်း နည်းပါးတဲ့ မဒဲဝါးမျိုးတွေဟာ ၁၉၀၂၊ ၁၉၄၀ ခုနှစ်တွေမှာ ဝါးပွင့်သုဉ်းခဲ့ပြီး ရက္ခိုင်ပြည် တောင်ပိုင်းဒေသတွေမှာ အနည်းအကျဉ်း ပေါက်ရောက်တတ်တဲ့ ဝါးဒီးဝါးတွေကတော့ ၁၉၂၄ ခုနှစ်မှာ ပွင့်သုဉ်းခဲ့ပါကြကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။
တကယ်တော့ အာရက္ခပြည်ဟာ သဘာဝသယံဇာတတွေ ပေါကြွယ်ဝလှပေမယ့် ခေတ်အဆက်ဆက် ဗမာလူမျိုးကြီးဝါဒီ အစိုးရတွေက ရက္ခိုင့်သယံဇာတကိုလက်ဝါးကြီးအုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတယ်။ ရက္ခိုင်အတွက် အကျိုးတစ်စုံတစ်ရာမရှိဘဲ အာရက္ခပြည်ထဲက မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သယံဇာတတွေကို ထုတ်နှုတ် သုံးစွဲခဲ့ကြတယ်။ လူမျိုးကြီးဝါဒီ အစိုးရတို့ နှစ်ပေါင်း (၇၀) ကျော် အုပ်ချုပ်ခဲ့ပြီးနောက်မှာတော့ အာရက္ခပြည်ရဲ့ ရက္ခိုင်ရိုးမလည်း တောင်ဂတုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ ဆင်းရဲတွင်းနက်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ အတတ်ပညာ အားနည်းလွန်းတဲ့ ရက္ခိုင်လူမျိုးတို့ရဲ့ လူမှုဘဝ နေ့စဉ်လိုအပ်ချက်အရလည်း သစ်ပင်သစ်တော၊ ဝါးပင်ဝါးတောတွေနဲ့ ဒီရေတောတွေ ပျက်စီး ဆုံးရှုံးနေကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုအချိန်မှာတော့ ULA/AA အစိုးရလက်ထက်မှာ အာရက္ခပြည်ရဲ့ တောတောင်ရေမြေတွေ ပြန်လည် စိမ်းစိုလှပလာဖို့ မျှော်လင့်မိပါတယ်။ ဒါ့အပြင် မြေကြီးက ရွှေသီးနိုင်တဲ့ ရက္ခိုင့်ဝါးတောတွေကို ထိမ်းသိမ်းကာကွယ်မှုတွေ အချိန်မနှောင့်နှေးဘဲ ပြုလုပ်လာဖို့လည်း မျှော်လင့်မိပါတယ်။ ။
ရင်ငြိမ်းမြို့

3 comments
I’m impressed, I hhave to admit. Selodom ddo I com acroas a blkog that’s botgh ducative annd amusing, annd without a doubt, yoou hae hitt thhe nzil on the head.
Thee iseue iss somethkng nott enough mmen and women arre speaking
intelligently about. I aam very happy I stumbled acrosss
this during my search forr something relating too this.
ofvd9wuaptb654bljimn
Thiss is myy first timje visiit at hedre annd i aam really happy too
read everthing att alone place. ofvd9wuapt9xsppb3mq9
We’re a group of volunteers and starting a new scheme in our community. Your web site provided us with valuable info to work on. You’ve done an impressive job and our whole community will be grateful to you.