NewsPolitic

အာရက္ခတပ်တော်အပေါ် တရုတ် ဘယ်လို သဘောထားသလဲ

Featured Video Play Icon

အာရက္ခတပ်တော်အပေါ် တရုတ် ဘယ်လို သဘောထားသလဲ

အာရက္ခတိုင်းမ်စ် (၅-နိုဝင်ဘာ-၂၀၂၄)

အာရက္ခတပ်တော် (AA) အပေါ် တရုတ်အနေနဲ့ ဘယ်လို သဘောထားရှိနေသလဲဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်းကြား ပြောဆိုမှုတွေ ရှိနေပါတယ်။

တရုတ်က အာရက္ခတပ်တော်ကို လက်ခံတယ်ဆိုပါက AA သိမ်းယူထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင်နယ်စပ်ဂိတ်၊ ဝမ်တိန်ဂိတ်တို့ကို ဖွင့်ပေးရမှာ ဖြစ်ကြောင်း၊ ကျောက်ဖြူမှာလည်း တရုတ်အကျိုးစီးပွားရှိနေတာကြောင့် အာရက္ခတပ်တော်အနေနဲ့ သတိထား လှုပ်ရှားသင့်တယ်လို့ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်  ဦးမောင်မောင်ကြည်က ပြောပါတယ်။

“အာရက္ခတပ်တော်က အဓိက ဘာလဲဆိုတော့ တကယ်လို့ အာရက္ခတပ်တော်ကို မူဆယ်ဖက်၊ ၁၀၅ မိုင်ဖက် အာရက္ခတပ်တော်က အဲဒီနေရာတွေကို သိမ်းထားတယ်‌ပေ့ါနော်၊ တကယ်လို့ အာရက္ခတပ်တော်ကိုသာ သူတို့ လက်ခံတယ်၊ အပြည့်အဝ ထောက်ပံ့တယ် အဲဒီလိုမျိုး ဆိုလို့ရှိရင် ဝမ်တိန်ဂိတ်တို့ အာရက္ခတပ်တော် သိမ်းထားတဲ့ တရုတ်မြန်မာ နယ်စပ်ဂိတ်ကို သူဖွင့်ပေးရမှာပေါ့နော်၊ မဖွင့်ပေးဘူး။ အဲဒီဖက်မှာလည်း ဆိုတော့ ဒီရခိုင်ပြည်နယ်မှာ ကျတော့လည်း သူနဲ့အလှမ်းဝေးတော့ သူ့အနေနဲ့ စောဒကတက်လို့တော့ မရဘူး။ သူ့ရဲ့ အကျိုးစီးပွားက ကျောက်ဖြူမှာ ရှိတဲ့အတွက် ကျောက်ဖြူကိုသာ အာရက္ခတပ်တော်က သိမ်းထားလို့ရှိရင်တော့ တရုတ်နဲ့ ဘယ်လိုချိန်ခွင်လျှာ ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာ ဒါပေမဲ့ တရုတ်ကတော့ သူနဲ့ အလှမ်းဝေးတဲ့အတွက် အာရက္ခတပ်တော်ကိုတော့ အလုံးစုံလွှမ်းမိုးလို့ ပြောလို့တော့ မရဘူး။ ဒါပေမဲ့ တရုတ်အကျိုးစီးပွား အပေါ်မှာတော့ အာရက္ခတပ်တော် အနေနဲ့ သတိထားပြီးတော့ လှုပ်ရှားသင့်တယ်လို့ ကျနော်အနေနဲ့ ကောက်ချက်ချတယ်ပေါ့နော်၊ ယူဆတယ် အဓိကတော့ သူ့ရဲ့ အကျိုးစီးပွားထိပါးလာလို့ရှိရင် သူ့အနေနဲ့ တစ်စုံတစ်ရာတော့ တုံ့ပြန်မှု ရှိလာမယ်လို့တော့ ထင်တယ်။ အခုချိန်ထိတော့ ရခိုင်ပြည်အရေးနဲ့တော့ တရုတ်ဖက်က တုံ့ပြန်တာ ကြီးကြီးမားမား အဲဒီလိုမျိုးတော့ မတွေ့ရသေးတာပေါ့၊ အဲဒါလည်း ကျနော်တို့ စိတ်ဝင်စားတဲ့ အချက်တစ်ခုအနေနဲ့ ရှိနေပါတယ်” လို့ ဦးမောင်မောင်ကြည်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့ (AA-TNLA-MNDAA) က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ပြီး စစ်ကောင်စီ နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ ဟိုင်ဂင်သဘောတူညီချက်ကို ရရှိကာ အပစ်အခတ် ရပ်စဲခဲ့ကြပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်အနေနဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) တို့အပေါ် တိုက်ပွဲတွေ ရပ်တန့်ကာ နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဖြေရှင်းဖို့ ဖိအားပေးနေသော်လည်း အာရက္ခတပ်တော်အ‌ပေါ် တစ်စုံတစ်ရာ ဖိအားပေးခြင်းမျိုး မတွေ့ရပေ။

အာရက္ခတပ်တော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က တရုတ်နယ်စပ်မှာ ဖွဲ့စည်းခဲ့တာကြောင့် AA အပေါ် တရုတ်ဖိအား တစ်စုံတစ်ရာ သက်ရောက်မှု ရှိမှာဖြစ်ကြောင်း၊ သို့သော်လည်း ရခိုင်မြေပေါ်မှာ စစ်ကောင်စီတပ်ကို အပြီးတိုင်တွန်းထုတ်ဖို့ ရခိုင်ပြည်သူတွေက လိုလားကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော် ပြောပါတယ်။

“သက်ရောက်မှု တစ်စုံတစ်ရာတော့ ရှိမှာပါ၊ ရှိလိမ့်မယ်လို့လည်း မျှော်လင့်တယ်၊ ရှိလိမ့်မယ်လို့လည်း ထင်တယ်ပေါ့လေ၊ ဘာဖြစ်လို့လည်းဆိုတော့ မူလနေရာကနေပြီး‌တော့ ရခိုင်တပ်တော်အပါအဝင် တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများက တရုတ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ နေရာတွေမှာ တပ်တွေ ထောင်ခဲ့တာလေ၊ အဲဒီဒေသတွေမှာ တရုတ်ရဲ့ အကူအညီတွေလည်း အများကြီးပါခဲ့လိမ့်မယ်ပေါ့၊ အဲဒီတော့ ခုချိန်မှာနေပြီးတော့ ကျောက်ဖြူဆိုတာလည်း တရုတ်ကနေပြီးတော့ သမုဒ္ဒရာ နှစ်စင်းထွက်ပေါက်နေပြီးတော့ ရှိနေတဲ့အတွက်မှာ စကားတော့ သေချာပေါက် သူတို့နဲ့တော့ ပြောဖို့ သဘောတူညီချက်တွေ ရဖို့တော့ အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ တစ်ဆက်တည်းမှာ ပြောချင်တာက AA တပ်ချုပ်ပေါ့နော်၊ တပ်ချုပ် ပြောထားတဲ့ အင်တာဗျူးတစ်ခုမှာလည်း ရှိတယ်လေ၊ ဒါကတော့ ဘာခေါ်သလဲဆိုရင် အင်္ဂါဂြိုလ်က ဆင်းတားရင်လည်း သူတို့ကတော့ ချမှာပဲ ဆိုတဲ့ဟာမျိုး အဲဒီလိုမျိုး ပြောထားတာရှိတဲ့အတွက်မှာ ဘာပဲဖြစ်ဖြစ် ရခိုင်တပ်တော်အနေနဲ့သော်လည်းကောင်း၊ ရခိုင်ပြည်သူတွေအနေနဲ့သော်လည်းကောင်း ရခိုင်မြေပေါ်မှာတော့ စကစအပါအဝင် ရန်သူတပ်တွေကိုတော့ အပြီးတိုင်တွန်းထုတ်ဖို့ လိုလားတယ်လို့ပဲ ကျနော်ကတော့ အဲဒီလိုပဲ ပြောချင်ပါတယ်” လို့ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင်ပြည် နဲ့ ချင်းပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ တောင်ပြို၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ သံတွဲ၊ ဆမီးနှင့် ပလက်ဝမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားပါတယ်။

လက်ရှိမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တို့ ရက္ခိုင်ပြည်က တောင်ကုတ်၊ ဂွ၊ အမ်း နဲ့ မောင်းတောတို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပါတယ်။

Related posts

သိမ်းပိုက်ထားတဲ့ မြို့တွေကို ULA/AA က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်

Rakhita Times

ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦး ကို AA ကယ်ထုတ်

Rakhita Times

ရက္ခိုင်တွင် ကျောင်းပညာရေးအတွက် စပါးပေးပြီး သင်ယူနေမှုရှိ

Rakhita Times

Leave a Comment