အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၅)
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စစ်ကောင်စီက လုံခြုံရေးစီမံချက်အနေနဲ့ ပြင်ဆင်မှုတွေ အမြန်ပြုလုပ်ခိုင်းနေတယ်လို့ ပုသိမ်မြို့ ဒေသခံတွေက ပြောပါတယ်။
“တိုင်းအစိုးရရုံး အဝင်ဝကိုလည်း ဘန်ကာတွေ အသစ်ထပ်ဆောက်တယ်။ အသစ်ဆောက်တဲ့ ဘန်ကာမှာ သေနတ်ပစ်လို့ရတဲ့ အပေါက်တစ်ပေါက်စာပဲ အလွတ်ထားပြီး ဆောက်တာ” လို့ ပုသိမ်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ရဲမှူးကြီး တင်ဇော်ထွန်းရဲ့ ညွှန်ကြားချက်နဲ့ တိုင်းရဲတပ်ဖွဲ့ရုံး ပတ်ပတ်လည်ကို ကတုတ်ကျင်းများ၊ ဘန်ကာများ၊ ဗုံးခိုကျင်းများ ပြုလုပ်နေတယ်လို့လည်း ပြောပါတယ်။
“ရွာသစ်ကုန်း နဲ့ စမ်းမြိုင်ရွာနားက ၉၀၇ တပ်အဝင်ဝ နဲ့ တပ်ပတ်ပတ်လည်ကိုလည်း ခြံစည်းရိုးအသစ်တွေထပ်ကာပြီး ကတုတ်ကျင်းတွေ တူးနေတယ်” လို့လည်း ထပ်မံပြောပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ တပ်သားသစ်လိုအပ်ချက်ကြောင့် ပုသိမ်ခရိုင် သာပေါင်းမြို့နယ်က စက္ကူစက်ရုံဝန်ထမ်းတွေကို ပြည်သူ့စစ်(ဌာနေ)အဖွဲ့ အရေးပေါ်ဖွဲ့စည်းပြီး အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဉ်ပါ) အမှတ် (၁/၂၀၂၅) ကို ဖေဖော်ဝါရီ ၃ ရက်က စတင်ကာ သင်ကြားပေးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ရဲစခန်းကိုလည်း ရဲမှူးအောင်နိုင်ဦး ညွှန်ကြားချက်နဲ့ စခန်းပတ်လည်ကို ဘိလပ်မြေအိတ်ထဲ မြေကြီးထည့်ကာ အထပ်ထပ်ကာရံပြီး ဘန်ကာများ ၁၀ခုထပ်မနည်း ဆောက်လုပ်နေတယ်လို့လည်း ကျောင်းကုန်းမြို့ဒေသခံတွေက ပြောပါတယ်။

9 comments