NewsPolitic

စစ်တွေမှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မယ်

အာရက္ခတိုင်းမ်စ် (၈ ဇွန် ၂၀၂၆)

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ လာမယ့် ကြာသပတေးနေ့မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ပြုလုပ်မှာဖြစ်ပြီး အိမ်တွေကို ဖိတ်စာတွေ လိုက်ဝေထားတယ်လို့ စစ်တွေ ဒေသခံတွေထံက သိရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဒေသခံ ရပ်ကွက်နေလူထုက မဲပေးရွေးချယ်ရတာမျိုး မဟုတ်ဘဲ ရာအိမ်မှူးအဖြစ် ရွေးချယ်ခံရသူတွေထဲကနေသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဆုံးဖြတ်သွားမယ့် စနစ်မျိုးလို့ ကြားရကြောင်း စစ်တွေ‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေ အပြောင်းအလဲ လုပ်ဖို့လား၊ ဘာလားတော့ မသိပါ။ အိမ်တိုင်း အိမ်တိုင်းကိုလာလို့ ဖိတ်စာပေးပါတယ်။ အဲဒီဖိတ်စာမှာ အခုလာမယ့် ကြာသပတေးနေ့မှာ ရပ်ကွက်မှာရှိတဲ့ ဓမ္မာရုံကို လာရဖို့ဆိုပြီး ဖိတ်စာထဲမှာ ဖတ်ရပါတယ်။ ပထမအခါတော့ ရပ်ကွက်က ရပ်မိ၊ ရပ်ဖ ၅ ဦးကို အရင်ရွေးပါဖို့တဲ့။ အဲဒီ ၅ ဦးကို ရွေးပြီးခါမှ ထပ်လို့ ၅ ဦးကနေ ဆိုင်ရာ ဆိုင်ရာလူတွေကို ရပ်ကွက်မှာရှိတဲ့ ဆယ်အိမ်မှူးကိုရွေးဖို့၊ ဆယ်အိမ်မှူးပြီးရင် ရာအိမ်မှူးကိုရွေးဖို့ အဲဒီလူထဲကမှ ရပ်ကွက်ကလူတွေ မဲထည့်လို့မရဘူး။ အဲဒီရာအိမ်မှူးတွေကနေ အုပ်ချုပ်ရေးမှူးကို ရွေးဖို့။ ရပ်ကွက်ထဲကနေ အုပ်ချုပ်ရေးမှူး ရွေးတဲ့ပုံစံမျိုးတော့ မဟုတ်တော့ဘူးပေါ့။ ရာအိမ်မှူးစနစ်နဲ့ ရွေးဖို့ ပုံစံမျိုးလို့တော့ ပြောပါတယ်။ တချို့လူတွေက အရွေးခံဖို့လူတွေက ဒီစနစ်ကို မကြိုက်။ ဒါက စနစ် မဟုတ်ဘူးပေါ့။ အမှန်တကယ် ပြောရရင် အားလုံးသူ တရွာလုံးက သဘောက အုပ်ချုပ်ရေးမှူး ၅ ယောက်ဆို ၅ ယောက်ရှိဖို့ အဲဒီ ၅ ယောက်ထဲက ဘယ်သူ့ဘယ်သူကို ကိုယ့်စိတ်ကြိုက် မဲပေးခွင့် ရှိဖို့လဲ။ အားလုံးသူ လာလို့ မဲပေးရဖို့ ဆိုတဲ့ပုံစံမျိုးကို လုပ်ချင်တဲ့ ဆန္ဒ ရှိကြတယ်။ အခုကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကပဲ ပြောတာလား၊ ကိုယ့်ဘာသာကိုယ်ပဲ စီစဉ်ကြတာလား မသိပါ။ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ရွေးတာမဟုတ်ဘဲနဲ့ ရတဲ့ ရာအိမ်မှူးတွေထဲကနေ ကိုယ်ကြိုက်တဲ့အုပ်ချုပ်ရေးမှူးကို တင်ဖို့ဆိုတဲ့ ပုံစံမျိုး ကြားရပါတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ စစ်တွေမြို့မှာတော့ ကြံ့ဖွံ့ပါတီက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီး လျှပ်စစ်မီးတွေ ပြန်လည်ရရှိအောင်၊ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ဖွင့်ပေးအောင် လုပ်မယ့်အစား ချောင်းတူးဖော်တာ၊ လမ်းတွေ ပြင်တာတွေပဲ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒေသခံလူထုအနေနဲ့ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့အတူ ကုန်ဈေးနှုန်းတွေ ပြန်လည် ကျဆင်းစေပြီး လျှပ်စစ်မီးတွေ ပြန်လည်ရရှိဖို့ကိုပဲ အဓိက လိုလားနေကြတာ ဖြစ်ပါတယ်။

Related posts

ဘင်္ဂလား BGB က AA လုံခြုံရေးစခန်းကို ပစ်ခတ်

Rakhita Times

စစ်တွေက ဘုတ်လှေတွေ ရန်ကုန်ကို ပြောင်းရွှေ့နေ

Rakhita Times

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

Rakhita Times

Leave a Comment