BusinessNewsPolitic

စစ်တွေမှာ ကုန်တင် သင်္ဘော ၃ စီးတောင် ရောက်နေ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅ )

ရက္ခိုင်ပြည် စစ်တွေမြို့မှာ ကုန်တင်သင်္ဘော ၃ စီးတောင် ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အရင်ကလည်း ကုန်သင်္ဘောတွေ ရောက်လေ့ရှိပေမယ့် အခုလိုမျိုး ၃ စီးတောင် မရောက်ဖူးကြောင်း၊ အခု ၃ စီး ရောက်လာတာဟာလည်း ရှေ့လတွေက သင်္ဘောမရောက်ဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ သင်္ဘောတွေ‌ရောက်လာတဲ့အတွက် ကုန်ဈေးနှုန်းတွေဟာ သိသိသာသာ လျော့ကျသွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သင်္ဘောရောက်ပြီဆိုတာနဲ့ ဆန်တွေ ဆီတွေ ဘာညာ အဲဒီသင်္ဘောနဲ့ပါလာတဲ့ ပစ္စည်းမှန်သမျှ အကုန်လုံးဈေးကျတယ်။ မိုးတွေအရမ်းရွာတယ်။ အဲဒီ သင်္ဘောမရောက်ဘူးဆိုတဲ့အချိန်မှာ ဈေးတွေက တက်နေရော။ စားစရာ၊ သောက်စရာတွေ အများကြီးပါတယ် ပြောတယ်၊ ဆန်တွေလည်း ပါတယ် ပြောတယ်၊ အာလူးတို့၊ ကြက်သွန်တို့ အကုန်ပေါ့နော်။ အာလူးတွေဆိုလည်း တစ်ပိဿမှာ ၁၂၀၀၀ ရှိတယ်။ အရင်တုန်းက နှစ်သောင်းကျော်တယ် သုံးသောင်းနီးပါးရှိတယ်။ အခုတစ်သောင်းကျော်ပဲ ရှိတယ်။ ကြက်သွန်ကတော့ တစ်ပိဿကို ငါးထောင်။ သင်္ဘောဝင်တော့ သင်္ဘောနဲ့ပါလာတော့ ဈေးတန်တယ်။ စားအုန်းဆီတွေလည်း ဈေးကျတယ်။ အရင်တုန်းက ၁၁၀၀၀၊ အခု ၉၀၀၀၊ ၉၅၀၀ အဲဒီလိုမျိုးတွေ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

အခုရောက်နေတဲ့ သင်္ဘောတွေမတိုင်ခင်က သင်္ဘောတွေ ရောက်လာမျိုးမရှိတဲ့အတွက် ဆန်တွေဟာ အဆမတန် ဈေးမြင့်တက်သွားတာမျိုးနဲ့ ကြုံခဲ့ရတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိမှာတော့ ဆန်တွေကိုသယ်ဆောင်ဖို့အတွက် ကုန်ကားတွေက စစ်တွေဆိပ်ကမ်းဘက်မှာ ရပ်ထားကြကြောင်းလည်း သိရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်တဲ့ ရက္ခိုင်ပြည်က တစ်ကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဖြတ်လေးဖြတ်နဲ့ ရက္ခိုင်ပြည်သူလူထုကို ကန့်သတ်ထားတာပါ။

လက်ရှိအချိန်အထိ အင်တာနက်တွေလည်း ပြန်လည်မဖွင့်ပေးသေးသလို လမ်းပန်း ဆက်သွယ်ရေးမှာလည်း လေကြောင်းလိုင်းတစ်ခုတည်းကိုသာ ဖွင့်ပေးထားတဲ့အတွက် ဒေသမှာ ကျန်နေတဲ့ ပြည်သူလူထုဟာ ဆင်းရဲဒုက္ခတွေနဲ့ ပိုမိုကြုံတွေခံစားနေကြရတာဖြစ်ပါတယ်။

Related posts

စိုက်ပျိုးရေးတွင် ပင်လယ်ရေနှင့် ဆားကြမ်း အသုံးဝင်ပုံ

Rakhita Times

AA နဲ့ တွေ့ဆုံဆွေးနွေးဖို့ Chinland Council ကြိုးစားနေ

Rakhita Times

မြောက်ဦး ဆေးရုံကို စကမ ဗုံးကြဲတဲ့အပေါ် ရှုတ်ချကြောင်း အရွယ်စုံ Arakan Ladies ထုတ်ပြန်

Rakhita Times

Leave a Comment