အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅)
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နိုင်ငံရေးပဋိပက္ခအဆင့်ကနေ စစ်ရေးပဋိပက္ခအဆင့်ကို ရောက်ရှိလာနေတဲ့ အတွက် ထိုင်းရောက်မြန်မာတွေအနေနဲ့ မြန်မာလူမျိုးမှန်းသိသာအောင် နေထိုင်ဖို့လိုအပ်တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဇူလိုင် ၂၄ ရက်နေ့ကစတင်ကာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအမျိုးသားရေးအစွန်းရောက်သမားတွေဟာ ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားအချို့ကို ကမ္ဘောဒီးယားတွေအထင်နဲ့ ထိုးနှက်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။
ဒ့ါအပြင် နယ်စပ်ဘက်မှာ ကမ္ဘောဒီးယားလုပ်သားတွေကို ထိုင်းလူမျိုးတွေက မောင်းထုတ်နေတဲ့ဖြစ်စဉ်တွေ၊ ရန်လိုနေတဲ့ ဖြစ်စဉ်တွေဟာလည်း ဆက်တိုက်ရှိနေတဲ့အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ထင်သာအောင် ပြသပြီး နေထိုင်သင့်တယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“မြန်မာလူမျိုးနဲ့၊ ထိုင်းလူမျိုးနဲ့၊ ကမ္ဘောဒီးယားလူမျိုး၊ လာအိုလူမျိုးတွေက ဝတ်စားဆင်ယင်မှုနေထိုင်မှုတွေက သိပ်ကွဲပြားပါတယ်။ အဲဒီတော့ ကိုယ်ကလည်း ကိုယ့်ရဲ့ မြန်မာမှု၊ မြန်မာ့ဟန်နဲ့ ဥပမာ လူစုလူဝေးထဲမှာ၊ တိုက်တန်းလျားတွေမှာ အတူနေထိုင်တယ်ဆိုရင်တောင်မှ အားလပ်နေတဲ့အချိန်မှာ မြန်မာ့ရိုးရာဝတ်စား ဆင်ယင်မှုပုံစံနဲ့ ခွဲခွဲခြားခြားသိအောင် ပြုလုပ်သင့်တယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာ အမျိုးသားရေး အစွန်းရောက်အဖွဲ့တွေကနေ လူမျိုးရေးခွဲခြားပြီးမှ လိုက်လံထိုးတာကြိတ်တာ၊ စစ်ဆေးတာ မေးမြန်းတာတွေလုပ်နေတဲ့အခါမှာ ကျနော်တို့က မြန်မာ့အမူအကျင့်လေးတွေကို ဒီအချိန်မှာ ပြနိုင်ရင် ပိုကောင်းတယ်လို့ ကျနော်သုံးသပ်ပြောဆိုလိုပါတယ်” လို့ သူက ပြောပါတယ်။
စစ်ရေးပစ်ခတ်မှုမှာ နှစ်ဖက်စလုံးက ဘယ်သူစပစ်တယ်ဆိုတာကို ဝန်ခံတာမရှိဘဲ အပြန်အလှန်စွပ်စွဲထားပြီး ကမ္ဘောဒီးယားဘက်က ထိုင်းရွာတစ်ရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆေးရုံကို တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းကလည်း ကမ္ဘောဒီးယားက စစ်ရေးပစ်မှတ်တွေကို တိုက်လေယာဥ်နဲ့ ဝင်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၂၅ ရက်အထိ စာရင်းအရ ထိုင်းဘက်က စစ်သားတစ်ဦးနဲ့ အရပ်သား ၁၃ ဦး သေဆုံးပြီး နယ်စပ်က ကျောင်းတွေလည်း ယာယီပိတ်ထားရတာပါ။
ဒ့ါအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ခေါင်းဆောင်တွေ နှစ်ဦးစလုံးနဲ့ ဖုန်းကနေ တဆင့် စကားပြောခဲ့ပြီး ချက်ချင်း အပစ်အခတ် ရပ်တန့်ကြဖို့ကို ပြောဆိုခဲ့ပါသေးတယ်။
နှစ်နိုင်ငံလုံးက သမ္မတထရမ့်နဲ့ ဖုန်းပြောအပြီး နာရီပိုင်းအကြာ ဒေသစံတော်ချိန် ဇူလိုင်လ ၂၇ ရက် မနက်ပိုင်းမှာပဲ လက်နက်ကြီး ပစ်ခတ်မှုတွေဟာ ဆက်ရှိနေဆဲပါ။
ဒီလို စစ်ရေးအခင်းအကျင်းကြားထဲမှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အသွားအလာ အထူးသတိပြုကြဖို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒါလည်း ကျနော်တို့ အင်မတန် စိုးရိမ်ကောင်းတဲ့အချက်ပါ။ ကျနော်တို့လည်း အဲဒီကိစ္စတွေလည်း မြင်တွေ့နေရပါတယ်။ ကျနော်တို့ မြန်မာပဲဖြစ်ဖြစ်၊ ကမ္ဘောဒီးယားပဲဖြစ်ဖြစ်၊ လာအို၊ ဗီယက်နမ်အားလုံးက နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့အတွက်ကြောင့် နံပါတ်တစ် ကျနော်တို့ ဂရုစိုက်ရမှာက မိမိတို့ရဲ့ မူလဦးတည်ချက်ဖြစ်တဲ့ ကိုယ့်ရဲ့အလုပ်အကိုင်၊ တရားဝင်နေထိုင်မှု၊ နောက် သွားတာလာတာ၊ နေတာထိုင်တာ၊ စားတာသောက်တာ အားလုံးက အထူးသတိပြုရမယ်။ အခုက နိုင်ငံရေးတင်မဟုတ်ဘဲ စစ်ရေးအဆင့်ပါ ပါလာတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မလိုလားအပ်တဲ့ အပြုအမူတွေ၊ အပြောအဆိုတွေ၊ နောက် လူမှုကွန်ရက်စာမျက်နှာမှာ အရေးအသားတွေ ဘာတစ်ခုမှ မလုပ်သင့်ဘူးဆိုတာ ကျနော့်အနေနဲ့ အကြံပြုချင်တယ်” လို့ သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နှစ်နိုင်ငံလုံး စစ်ရေးမရပ်ဘူးဆိုရင် အမေရိကန်က ကုန်သွယ်ရေးစာချုပ် မချုပ်ဘူးလို့ ပြောဆိုထားပါတယ်။
မလေးရှား နိုင်ငံပိုင်မီဒီယာကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင် ၂၈ ရက်နေ့မှာ မလေးရှားကို လာပြီး ပဋိပက္ခအရေး ဆွေးနွေးကြမယ်လို့ ပြောဆိုထားကြောင်း ဖော်ပြထားပါတယ်။
