အာရက္ခတိုင်းမ်စ် (၂၂ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့ကို အကြမ်းဖက်စစ်တပ်ရဲ့ နေဗီ သင်္ဘော ၁၂ စီးခန့် ရောက်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။
ဘာအတွက်ကြောင့် ရောက်ရှိနေလဲ မသိပေမယ့် ရေကြောင်းလမ်းရှိတဲ့ဘက်တွေမှာ လုံခြုံရေးအတွက် ပြင်ဆင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အဲဒီဖောင်တော် ဆိပ်ကမ်းနားမှာ ၁၂ စီး၊ ဆိပ်ကမ်းနဲ့ မနီးမဝေးမှာ ဆိုက်ထားတယ်တဲ့ နေဗီသင်္ဘော။ ဘယ်လို ဘာအတွက်လဲတော့ မသိဘူးလေ။ ပစ္စည်းအတင်အချလည်း မရှိဘူးလေ။ လူအင်အားဖြည့်တာလို့ ပြောရအောင်လည်း ဒီဘက်မှာ လှုပ်ရှားမှုက ဘာမှမရှိဘူးလေ။ လူအင်အားဖြည့်တယ်ဆိုရင် အဲဒီသင်္ဘောပေါ်ကနေ ကုန်းပေါ်ကို စစ်အင်အားတွေ ရောက်မှာပေါ့။ ဒါမှမဟုတ် အဲဒီ ပင်လယ်ဘက်တို့၊ ကမ်းနားဘက်တို့၊ စစ်တွေဘက်ပတ်ဝန်းကျင် ရေခြမ်းပြင် ဘာညာ အဲဒီမျိုး ရေကြောင်းရှိတဲ့ဘက်တွေမှာ လုံခြုံရေးချထားဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့နော်။ အင်အားဖြည့်တာ ဘာညာဆိုတာက ရေတပ်အင်အားဖြည့်တာလည်း ဖြစ်ချင်ဖြစ်မယ်လေ” လို့ သူက ပြောပါတယ်။
အရင်က စစ်တွေမြို့မှာ နေဗီသင်္ဘောတွေဟာ ၂ စီး၊ ၃ စီးခန့်သာ ပုံမှန်ရှိတတ်ပေမယ့် အခုလိုမျိုး ၁၂ စီးလောက် ရောက်နေတာဟာ ရက်ပိုင်းလောက်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအရေအတွက်ဟာ စစ်တွေမြို့ ပတ်ပတ်လည်ကို ဝိုင်းထားနိုင်တဲ့ ပမာဏမဟုတ်သလို မြို့တွင်းမှာလည်း အေးအေးချမ်းချမ်းပဲ ရှိနေကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“တချို့က ပြောတော့လည်း စစ်တွေမြို့ ပတ်ပတ်လည်ကို ရေတပ်သင်္ဘော ဝိုင်းထားတယ် ဘာညာ။ ရေတပ်သင်္ဘောဝိုင်းလည်း စစ်တွေမြို့ ပတ်ပတ်လည် ဝိုင်းဖို့ လွယ်တာမှ မဟုတ်တာ။ နည်းနည်းလေးမှ မဟုတ်တာ ဧရိယာက။ အစီး ၂၀လောက်နဲ့လည်း မရဘူးလေ။ ဒါပေမယ့် လောလောဆယ် စစ်တွေမြို့ အနေအထားကတော့ အေးအေးချမ်းချမ်းပဲ။ ဘာမှ ပြဿနာဖြစ်တာတို့ ဘာတို့ မရှိပါဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ ၂၈ မှာပြုလုပ်သွားမှာဖြစ်သလို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီထဲမှာတော့ ရက္ခိုင်ပြည်မှာ လက်ရှိ အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူ စတဲ့ ၃ မြို့နယ်လည်း ပါဝင်နေတာပါ။
