အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့တွေကို စစ်ကော်မရှင်ထံ ပြန်ပေးဖို့ တရုတ်က AA အပေါ် ဖိအားပေးလာမယ်လို့ မထင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်ထဲက အာရက္ခတပ်တော် (AA) သိမ်းပိုက်အုပ်ချုပ်နေတဲ့ မြို့တွေအနက် ၄ မြို့ကို စစ်ကော်မရှင်က AA ထံ ပြန်တောင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
စစ်ကော်မရှင်ပြန်တောင်းထားတဲ့ မြို့ ၄ မြို့ကတော့ အမ်း၊ သံတွဲ၊ တောင်ကုတ်နဲ့ ဂွမြို့တို့ ဖြစ်နိုင်ပြီး တရုတ်ကနေ တဆင့် အဲဒီ မြို့ ၄ မြို့ကို တောင်းထားတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ဆိုလိုချင်တာကတော့ ကျနော်ပြောချင်တဲ့သဘောက သူတို့ကို အခုသိမ်းထားတဲ့ မြို့တွေကို ပြန်ပေးပါဆိုပြီး တရုတ်ကလည်း ဖိအားပေးလာလိမ့်မယ်လို့ မထင်ဘူး။ ဘာကြောင့်တုန်းဆိုတော့ တရုတ်က အစောကတည်းက သူမသိမ်းစေချင်တဲ့မြို့တွေပေါ့ ဥပမာ ကျောက်ဖြူတို့၊ စစ်တွေတို့ အဲဒီဟာတွေကို မသိမ်းနဲ့လို့ စောစောစီးစီးပြောထားလို့ AA ကလည်း မသိမ်းတာ။ အဲဒီလို ကျနော်တော့ နားလည်တယ်” လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) က ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့က ၂၀၀၈ အခြေခံဥပဒေအရ သူတို့ကို သတ်မှတ်ပေးထားတဲ့ နယ်မြေတွေထက် ကျော်လွန်ပြီး သိမ်းပိုက်လာတာကြောင့် တရုတ်က မြို့အချို့ ပြန်ပေးခိုင်းတာ ဖြစ်ပြီး ရက္ခိုင်ကတော့ ခြားနားကြောင်း သူက ဆက်ပြောပါတယ်။
“ရက္ခိုင်ဘက်က အခြေအနေကတော့ ကျနော်တို့ အရှေ့မြောက်က MNDAA တို့၊ TNLA တို့နဲ့ နည်းနည်း ခြားနားတယ်။ ခြားနားတယ်ဆိုတာက ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ နယ်မြေအများအပြား၊ မြို့အများအပြား သိမ်းပိုက်နိုင်တာခြင်းတော့ တူတယ်။ ဒါပေမယ့် MNDAA ကိုးကန့်ရော၊ TNLA ရောက ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ သူတို့လူမျိုးစုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပြင်ဘက်ကို ကျော်ပြီးတော့ ရှမ်းပြည်နယ်ထဲက မြို့တွေကို သိမ်းပိုက်ထားတာ။ တရုတ်-မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့တွေကို သိမ်းဆည်းထားတာ ဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် တရုတ်ရဲ့ အကူအညီနဲ့ ဒီဟာတွေ ပြန်ပေးခိုင်းပြီးတော့ သူတို့ကလည်း မပေးဘူးဆိုပြီးတော့ မဖြစ်မနေ လမ်းကြောင်းပေါ်ကျတဲ့ မြို့တချို့လောက်ပဲ ပေးတာပေါ့။ လားရှိုးတို့၊ သီပေါတို့၊ ကျောက်မဲတို့ဆိုတာလည်း တိုက်နေတာ။ အခုကတော့ မိုးမိတ်၊ မိုးကုတ်ဆိုတာလည်း ပြန်ပေးမယ်၊ ဆိုတဲ့အခါကြတော့ ဒီဆွေးနွေးပွဲမှာ ကြည့်ရတာက တကယ်လို့သာ TNLA နဲ့ ကိုးကန့်က ကိုယ့် ၂၀၀၈ က သတ်မှတ်ထားတဲ့ ကိုယ့်ဒေသကိုယ်ပဲ အုပ်ချုပ်မယ်ဆိုရင် အသိအမှတ်ပြုမယ့် သဘောလို့ နားလည်ရတာပေါ့။ ကိုယ့်ဒေသကိုယ် အုပ်ချုပ်မယ်။ UWSA လိုပဲ။ ၂၀၀၈ ကို သူတို့ လက်ခံပြီးတော့ သူတို့ဒေသမှာတော့ ရွေးကောက်ပွဲ ကျင်းပမှာ မဟုတ်ဘူးပေါ့။ အဲဒီလို ကျနော်တို့ ခန့်မှန်းရတာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ရက္ခိုင်ပြည်က မြို့နယ် ၃ ခုမှာ ပထမအကြိမ် ကျင်းပဖို့လုပ်ဆောင်နေပါတယ်။
ဒ့ါအပြင် ရက္ခိုင်ပြည်ထဲမှာ မကျင်းပဖြစ်တဲ့ မြို့နယ်တွေ ထုတ်ပြန်ကြေညာမှုမှာ လက်ရှိအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်တဲ့ ပလက်ဝ အပါအဝင် ၁၅ မြို့နယ်ရှိတဲ့အထဲ ၁၁ မြို့နယ်သာ ပါဝင်ပြီး ကျန် ၄ မြို့နယ် မပါဝင်ပါဘူး။
ရက္ခိုင်ပြည်ထဲ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်တို့ အပြင် ပလက်၀မြို့နယ်တို့ ဖြစ်ကြပါတယ်။
ဒါပေမယ့် အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ ဂွမြို့တို့ မပါဝင်တာကြောင့် အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့နယ် ၁၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့ ကြေညာတာဖြစ်တဲ့အတွက် ကျန်မြို့နယ် (၄) ခုမှာ ကျင်းပမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

2 comments
If you are gogojili’s fan you must check gogojililove.com. I am a fan too and got great help from it when playing. Try it here: gogojililove
Need a reliable link for Bong88? linkvaobong88com always seems to have a working one. Saves me a lot of hassle. linkvaobong88com