NewsPolitic

မြောက်ဦးဆေးရုံဗုံးကြဲမှုဟာ စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုဖြစ်ကြောင်း APHR ထုတ်ပြန်

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့မှုဟာ စစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်တယ်လို့ ASEAN Parliamentarians for Human Rights -APHR က ထုတ်ပြန်ထားပါတယ်။

မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃ မိနစ်မှာ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၃ ဦးခန့် သေဆုံးပြီး ၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူအများစုဟာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

“မြောက်ဦးဆေးရုံကို တိုက်ခိုက်မှုဟာ ကာကွယ်စောင့်ရှောက်ထားတဲ့ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုပါပဲ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ဒီလိုရက်စက်ကြမ်းကြုတ်မှုကို ကျူးလွန်တာဟာ စစ်အစိုးရရဲ့ လူသားချင်းစာနာထောက်ထားမှုကို လုံးဝ မထီမဲ့မြင်ပြုမှုကို ပြသနေပါတယ်” လို့ အင်ဒိုနီးရှား လွှတ်တော်အမတ် နှင့်APHR ဥက္ကဋ္ဌဖြစ်တဲ့ မာစီ ခရစ္စတီ ဘာရန်းက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်အတွင်းရှိ ဘာသာရေးနေရာများ၊ ကျောင်းများနှင့် ဆေးရုံများအပါအဝင် အရပ်သားအခြေခံအဆောက်အအုံများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး အခုတိုက်ခိုက်မှုဟာ အရပ်သား‌တွေကို ပစ်မှတ်ထားတဲ့ အသေအပျောက်အများဆုံး ဖြစ်ရပ်တွေထဲကတစ်ခုဖြစ်ကြောင်း၊

ညအချိန်မှာ အခုလိုတိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“ဆေးရုံတွေကို ဘယ်တော့မှ ပစ်မှတ်ထားလို့ မရပါဘူး။ စစ်အစိုးရရဲ့ အရပ်သားတွေရဲ့ အသက်အပေါ် ရာဇဝတ်မှုဆိုင်ရာ လျစ်လျူရှုမှုကို အပြည့်အဝ တာဝန်ယူမှုကို တောင်းဆိုပါတယ်” လို့ မလေးရှား လွှတ်တော်အမတ်နှင့် APHR ဘုတ်အဖွဲ့ဝင်ဖြစ်တဲ့ ဂုဏ်ထူးဆောင် Wong Chen ကလည်း ထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏အဆိုအရ အရပ်သား ၆၈၀၀ ကျော် သေဆုံးခဲ့ကာ ပဋိပက္ခများကြောင့်လူဦးရေ ၃ ဒသမ ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ဒါ့အပြင် လူ ၂၀ သန်းနီးပါးဟာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်လျက်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Related posts

မြောက်ဦးကို လေယာဉ်ဖြင့် ၃ ကြိမ်ဆက်တိုက် ဗုံးကြဲသဖြင့် ၂၈ ဦးသေ၊ ၂၅ ဦး ဒဏ်ရာရ

Rakhita Times

အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေကို အရေးယူဖို့ ဘင်္ဂလားဒေ့ရှ်ကို AA သတိပေး

Rakhita Times

ပလက်ဝတွင် ယမကာလုပ်ငန်းတွေကို AA ရဲ့ FDA စစ်ဆေး

Rakhita Times

222 comments

Leave a Comment