NewsPolitic

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်ဟာ တရုတ်သမ္မတရှီကျင့်ဖျင် သဘောတူညီမှုနဲ့ ရွေးကောက်ပွဲကို ကျင်းပခဲ့တဲ့ အတွက် အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတဲ့အပေါ် သုံးသပ်မှုတွေရှိနေကြပါတယ်။

ဒါ့အပြင် တရုတ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲ အင်အားအကြီးမားဆုံး “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ဖိအားပေး ထိန်းချုပ်ကာ လက်နက်ကိုင်များအပေါ် ထောက်ပံ့မှုတွေကို ရပ်ဆိုင်းစေခဲ့တာပါ။

ဒီလိုလုပ်ရပ်မျိုးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးချိန်ခွင်လျှာကို အာဏာသိမ်းစစ်တပ်ဖက် အလေးသာစေအောင် ကြိုးပမ်းခဲ့ပါတယ်။

ဒါကြောင့် တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုကာ ဘက်ပေါင်းစုံကနေ မက်လုံးတွေ ပေးလာနိုင်ပြီး တဖက်က သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တက်တက်ကြွကြွ လုပ်လာမယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တရုတ်ရဲ့ ဗမာပြည်နဲ့ပတ်သက်တဲ့ မဟာဗျူဟာကတော့ သူကတော့ အသိအမှတ်ပြုမှာပဲလေ။ ထွက်လာတဲ့အစိုးရကို။ ပြီးတော့ သူက စီးပွားရေးအရ၊ ဘာရေးအရ သူ့ရဲ့ ဒီမှာက ရင်းနှီးမြှုပ်နှံ ထားတာတွေက အများကြီးလေ။ အဲဒီတော့ အဲဒါတွေကို ကာကွယ်ပေးပြီးတော့ သူက သူ့ရဲ့ ဗမာပြည်ရဲ့စီးပွားရေးကို တစုံတရာ တိုးတက်လာအောင် တွန်းလုပ်ပြီးတော့ သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရှိရင် တိုင်းပြည်တည်ငြိမ်မယ်၊ တိုင်းပြည်ငြိမ်းချမ်းမယ်လို့ သူကတွက်ပြီးတော့ အဲဒီဘက်က ပိုပြီးတော့ လုပ်လာမယ်ထင်တယ်။ တဖက်ကသူက စီးပွားရေး သူ့လမ်းတွေကို ပိုပြီးတော့၊ သူ့လုပ်ငန်းတွေကို ပိုပြီး တက်တက်ကြွကြွ လုပ်လာမယ်။ နောက်တခုကလည်း ဗမာပြည်အတွင်းမှာရှိတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက်၊ တိုင်းပြည်တည်ငြိမ်ရေးအတွက်ဆိုပြီးတော့ ဘက်ပေါင်းစုံက ဝင်ပြီးတော့ ဖြန်ဖြေတာ၊ တိုက်တွန်းတာ၊ မက်လုံးတွေပေးတာ ဒါမျိုးတွေလုပ်လာပြီးတော့ အပစ်အခတ်ရပ်စဲရေးတို့ ဘာတို့ အဲဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်ထင်တယ် ကြည့်ရတာ” လို့ သူက ပြောပါတယ်။

တရုတ်ဟာ မြန်မာ့စီးပွားရေးရဲ့ အသက်သွေးကြောတခုလို ဖြစ်နေပြီး ပိုးလမ်းမစီမံကိန်း (BRI) က မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ (CMEC) ကတဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရှာဖို့ ကြိုးစားနေတာပါ။

ဒါ့အပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးအတွက် အရေးပါသလို မြန်မာ့အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး သယံဇာတ (သစ်၊ သတ္တု၊ ဓာတ်ငွေ့) တင်ပို့ရာ အဓိကနေရာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်း ပီပီသသရော၊ ကိုယ်ကျိုးစီးပွား ရှေးရှုတဲ့ အင်အားကြီးနိုင်ငံ တနိုင်ငံအနေနဲ့ပါ နယ်ပယ်ပေါင်းစုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေပါတယ်။

တရုတ်နိုင်ငံအနေဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဥပမာ- UWSA, MNDAA အပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုက အလွန်ကြီးမားကာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေကြား ဆွေးနွေးပွဲတွေဖြစ်လာအောင် တရုတ်ကပဲ စီစဉ်ပေးခဲ့ပါတယ်။

တရုတ်ဟာ သူ့နယ်စပ်မှာ တိုက်ပွဲတွေဖြစ်ပြီး ဒုက္ခသည်တွေ ဝင်ရောက်လာမှာနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားမှာကို တရုတ်က အစိုးရိမ်ဆုံးဖြစ်တာကိုလည်း ထောက်ပြထားကြပါတယ်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အစောပိုင်းမှာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ထိန်းသိမ်းခဲ့ပေမယ့် နယ်စပ်က ကျားဖြန့် (Online Scam) လုပ်ငန်းတွေကို နှိမ်နင်းဖို့ ပျက်ကွက်မှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ကို သွယ်ဝိုက်ပြီး ခွင့်ပြုခဲ့တာမျိုး ရှိပါတယ်။

ဒါ့အပြင်အနောက်အုပ်စု (အထူးသဖြင့် အမေရိကန်) က မြန်မာ့အရေးမှာ ပိုပါလာမှာကို စိုးရိမ်တာကြောင့် မြန်မာ့အရေးကို သူကိုယ်တိုင်ပဲ ထိန်းကျောင်းချင်တဲ့ သဘောရှိတယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက လက်ခံထားကြတာပါ။

Related posts

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

Rakhita Times

ရက္ခိုင်မြောက်ပိုင်းမှာ ARSA စစ်ရေးထိုးဖောက်လာတာ ဘာကြောင့်လဲ

Rakhita Times

ARSA၊ RSO ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

Rakhita Times

Leave a Comment