အာရက္ခတိုင်းမ်စ် (၁၄ ဇူလိုင် ၂၀၂၅)
ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့အတွင်း မငြိမ်မသက် လှုပ်ခတ်မှုတွေကြားထဲမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းတွေ အပေါ် ရိုက်ခတ်မှုရှိနိုင်တယ်လို့ နိုင်ငံရေးနဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်လာကြသူများအပါအဝင် အာဏာ မသိမ်းခင် ဒေသတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြတဲ့ ဒုက္ခသည်ဦးရေဟာလည်း ၆ သန်းကျော်ခန့်ရှိနေပြီဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း ထိုင်းနိုင်ငံအရေးအခင်းမှာ ဝင်မပါကြဖို့ အရေးကြီးတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီလူတွေက နေ့တဓူဝ နေရထိုင်ရ ရပ်တည်ဖို့အတွက်တောင် တော်တော် ခက်ခက်ခဲခဲ ရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိ၊ အလုပ်လုပ်ပိုင်ခွင့်လည်း မရှိ၊ ကိုယ့်ဟာကိုယ် ရပ်တည်ဖို့အတွက် ဘယ်လိုမှ မဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတကာကနေပြီးတော့ ဒုက္ခသည်စခန်းတွေကို ဖြတ်တောက်တာတွေ ရှိတဲ့အတွင်းမှာတော့ သက်ရောက်မှုက အကြီးကြီး ရှိတာပေါ့။ ဒါပေမယ့် တစ်ခုရှိတာက ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ကတော့ ဒီအရေးခင်းတွေထဲမှာ သူတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ သူတို့ရဲ့ ဥပဒေအောက်မှာ ဖြစ်နေတဲ့ သူတို့ နိုင်ငံရေးပြဿနာထဲမှာ ကိုယ်တို့တွေကတော့ ဝင်မပါဖို့ အရေးကြီးတယ်လို့တော့ မြင်တယ်။ သို့သော်လည်း ကျနော်တို့ အခက်အခဲကို ဘယ်သူတွေက အကူအညီပေးမလဲ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဝင်ရောက်ဖြေရှင်း အကူအညီပေးဖို့အတွက်ကတော့ လိုတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့အကြား နယ်စပ်အငြင်းပွားမှု ပြဿနာဖြစ်ပေါ်ခဲ့ပြီး ပေတုန်တန်နဲ့ ဟွန်ဆန်တို့ရဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခဲ့ရာကနေ ထိုင်းနိုင်ငံရေးဟာ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာခဲ့တာပါ။
အဲဒီနောက် ဝန်ကြီးချုပ် ပေတုန်တန်ကို အခြေခံဥပဒေဆိုင်ရာတရားရုံး က ဇူလိုင်လ ၂ ရက်မှာ ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခဲ့တာပါ။
ဇူလိုင်လ ၂ ရက်မှာလက်ထောက်ဝန်ကြီးချုပ် ဂျန်ရန်ရီယန်ကစ်က ယာယီဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ဇူလိုင်လ ၃ ရက်မှာတော့ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ကို အစိုးရအဖွဲ့သစ်ရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိကာလတွေမှာ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားသွားလာကြဖို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စက်ရုံ၊ အလုပ်ရုံတွေမှာ ပုံမှန်အတိုင်းရှိနေတဲ့ ပုဂ္ဂိုလ်တွေကို ထိုင်းအစိုးရက ပုံမှန်သွားလာ၊ နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့် ပေးထားပြီး လောလောဆယ် စပ်ကူးမတ်ကူးကြားမှာ အလုပ်ထွက်ထားတဲ့လူတွေဟာ တော်တော်ကို အခက်အခဲဖြစ်နေတဲ့အတွက်ကြောင့် နေတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ ဆင်ခြင်ဖို့ လိုအပ်သလို လက်ရှိထိုင်းနိုင်ငံရဲ့ ရှုပ်ထွေးပွေလီနေတဲ့ အခက်အခဲတွေကြားထဲမှာလည်း ကိုယ်က ကြားညှပ်သွားတာမျိုး မဖြစ်ဖို့ ကျနော်တို့အနေနဲ့အထူးသတိထားရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် က ပြောကြားထားပါတယ်။
ဒ့ါပြင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု အင်စတီကျု (Nida) ကနေ ဇူလိုင် ၄ ရက်မှ ၇ ရက်တွင်း ထိုင်းနိုင်ငံ တစ်ဝန်းရှိ လူပေါင်း ၁၃၁၀ ကို စစ်တမ်းကောက်ယူခဲ့ရာမှာ ပေတုန်တန်ကို ရာထူးက နှုတ်ထွက်စေလိုကြပြီး ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် လိုလားကြတယ်လို့ သိရပါတယ်။

1 comment
Если человек находится без сознания, испытывает выраженные судороги, тяжело дышит или имеются другие признаки непосредственной угрозы жизни, необходимо экстренное обращение в медицинскую службу. В подобных случаях ждать обычную выездную бригаду опасно.
Получить больше информации – вывод из запоя вызов