အာရက္ခတိုင်းမ်စ် (၁၁ မတ် ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ MPT ငွေဖြည့်ကဒ်တွေ ဝယ်ယူရ ရှားပါးနေကြောင်း စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“လက်ရှိမှာတော့ ဖုန်းလိုင်းမကောင်းပါ။ အင်တာနက်ကတော့ မရပါမလားယေ။ အခုနောက်တခုက MPT ငွေဖြည့်ကဒ်တောင် ဝယ်လို့မလွယ်ပါ စစ်တွေမှာပါလေ။ ငွေဖြည့်ကဒ်ဝယ်ရတာ ရှားပါတယ်။ ပြီးရင် ငွေဖြည့်ကဒ်ကို တထောင်တန်ကို တထောင့်သုံးရာပေးလို့ ဝယ်ရပါတယ်။ လေယာဉ်ပျံနဲ့ မတင်ရလို့ ပြောပါတယ်။ လေယာဉ်ပျံနဲ့ မတင်ရဆိုရင် ငွေဖြည့်ကဒ်မပါရင် ငွေဖြည့်ကဒ်ရောင်းဖို့အတွက် အခက်အခဲ ဖြစ်ပါတယ်မလား။ ရှားနေတာကို ဘယ်လို ဖြည့်လဲဆိုတော့ သူတို့ တောင်းတဲ့ဈေးနဲ့ ပေးပြီး ဖြည့်ရပါတယ်။ အခုနက ပြောခဲ့တဲ့အတိုင်း တထောင်တန်ကို တထောင့်သုံးရာ ပေးရတယ်၊ တထောင့်သုံးရာထက် တက်ချင် တက်မှာပေါ့။ တထောင်တန်ကို နှစ်ထောင် ဖြစ်ချင်လည်း ဖြစ်လာမှာပေါ့။ ငါးထောင်တန်က ငါးထောင်နဲ့ရှစ်ရာပါ။ သုံးထောင်တန်က သုံးထောင့်နဲ့ ခြောက်ရာပါ။ တချို့ကြတော့လည်း သုံးထောင်တန်ကို သုံးထောင့်ငါးရာနဲ့လည်း ရတယ်။ တချို့ကြခါလည်း ငါးထောင်တန်ကို ခြောက်ထောင်ပေးရတယ်” လို့ သူက ပြောပါတယ်။
လက်နက်ကြီး မကျခင် ရက်ပိုင်းလောက်က စစ်တွေမြို့မှာ အချို့ညဘက်တွေဆိုရင် MPT ဆင်းကဒ်တွေဟာ လိုင်းမကောင်းပေမယ့် အင်တာနက်လိုင်း သုံးလို့ရတဲ့အချိန်မျိုးတွေ ရှိခဲ့ပေမယ့် လက်နက်ကြီးကျပြီးနောက် ဖုန်းလိုင်းတောင် အရင်လောက် မကောင်းတော့ကြောင်းလည်း သိရပါတယ်။
စစ်တွေမြို့မှာ MPT ဆင်းကဒ်တခုသာ အများစု ဖုန်းပြောဆိုလို့ရနေပြီ Atom ကိုလည်း အသုံးပြုလို့ရနေတယ်လို့ ကြားရကြောင်းလည်း ဒေသခံတွေထံက သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ Mytel ဆင်းကဒ်တွေကတော့ ဖုန်းလိုင်း လုံးဝ မတက်ဘူးလို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“Mytel တွေလည်း ရတယ်လို့ ပြောသံမကြားပါ။ မပြောတတ်ပါ။ Mytel က မရှိတော့ဘူးလို့ ပြောပါတယ်။ Mytel ကုမ္ပဏီတောင် ဖျက်သွားပြီ။ Mytel ကုမ္ပဏီမရှိ၊ Mytel တိုင်တောင် မတက်ပါ။ အခု MPT တခုတည်းနဲ့ ပြောလို့ ရတာပါ စစ်တွေမြို့က” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်နက်ကြီး ကျရောက်ခဲ့ပြီးနောက် စစ်တွေမြို့မှာ ကုန်ဈေးနှုန်းအချို့ မြင့်တက်လာခဲ့ပြီး ဝက်သား တပိဿာကို ငွေကျပ် ရှစ်သောင်းခန့် ရှိကြောင်းလည်း သိရပါတယ်။
