BusinessNewsPolitic

စစ်တွေမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ သူခိုးတွေ သောင်းကျန်းနေ

အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကော်မရှင်က လွှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာကြတဲ့အထဲ သူခိုးတွေလည်း ပါဝင်တာကြောင့် ညဘက် အိမ်တွေမှာ သူခိုးတွေ ပြန်သောင်းကျန်းလာနေတယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သူခိုးကို ဖမ်းမိလို့ ရဲလက်ထဲ ကိုယ်တိုင်အပ်ကြရင်လည်း မနက်ကျရင် ပြန်လွှတ်ပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“သူခိုးတွေက ပိုလို့ များလာပါတယ်။ အရင်ခိုးထားတဲ့လူတွေကို ထောင်တွေက လွှတ်ပေးလိုက်တယ်လို့ ပြောသံကြားတယ်။ လွှတ်တဲ့အချိန်မှာ သူခိုးတွေလည်း ပါပါဖို့မလားယေ။ သူခိုးလို့ ရပ်ကွက်ကဖမ်းလို့ ရဲလက်ထဲကို အပ်တယ်ဆိုရင် သက်ဆိုင်ရာရဲစခန်းကို အပ်တောင်မှ ရဲစခန်းက ဒီနေ့ဖမ်းပြီးရင် မိုးလင်းရင် ပြန်လို့ လွှတ်လိုက်တယ်။ ဘာဖြစ်လို့ လွှတ်လိုက်လဲတော့ မပြောတတ်။ အချို့ ဒီနေ့ ညနေခါက ဖမ်းသွားတယ်လို့ ပြောသံကြားတယ်။ ဖမ်းသွားတယ်လို့လည်း မြင်တဲ့သူက မြင်တယ်။ ဖမ်းသွားပြီးရင် မိုးလင်းရင် လွတ်ပါပြီ။ တခါတလေဆိုရင် စစ်တပ်က ရဲက ညကျရင် ညဘက်တိုင်း ကင်းလှည့်တယ်။ ကင်းလှည့်ရင်းနဲ့ တည့်တည့်တိုးသွားတယ်ဆိုရင် ပါသွားတယ် ဖမ်းသွားတယ်။ ကိုယ်တို့တွေလည်း သတိထားပြီး နေရတာများပါတယ်။ တချို့ဆို ၁၁ နာရီ၊ ၁၂ နာရီ၊ ညအချိန် ၂ နာရီ၊ ၃ နာရီ အဲဒီလိုအချိန်တွေမှာဆိုရင် ဓာတ်မီးတွေနဲ့ အိမ်တွေကို လိုက်လို့ကြည့်တယ်။ လိုက်လို့ကြည့်တယ် ဆိုတာကလည်း အိမ်တွေမှာ လူရှိလား၊ တံခါးဖွင့်လို့ရဖို့လား၊ လွယ်လွယ်ကူကူ ရဖို့လားပုံစံမျိုးနဲ့ အိမ်တွေကို ဓာတ်မီးတွေနဲ့ထိုးလို့ ကြည့်တယ်။ အလွယ်လေးရတယ်ဆိုရင် ယူသွားကြမယ်ပုံစံမျိုးနဲ့။ အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့ ပတ်လှည့်နေတဲ့ ရဲကားတွေ၊ စစ်ကားတွေနဲ့ တွေ့တယ်ဆိုရင်တော့ တခါတည်း ဖမ်းခေါ်သွားပါတယ်လေ” လို့ သူက ပြောပါတယ်။

အခုရက်ပိုင်းမှာတော့ သူခိုးသောင်းကျန်းမှုတွေက အနည်းငယ်ငြိမ်သက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ညနေဘက်တွေဆိုရင်လည်း ဆိုင်ကယ်တွေနဲ့ အိမ်တွေကို ပတ်ကြည့်နေကြတဲ့ လူတွေလည်း ရှိကြောင်း သိရပါတယ်။

သူခိုးတွေဟာ ခိုးစရာမရှိတဲ့အဆုံး သစ်သားအိပ်ကုတင်တွေကအစ ခိုးပြီး ထင်းအဖြစ် ရောင်းစားကြတာဖြစ်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“လွန်ခဲ့တဲ့ ရက်တွေမှာဆိုရင် ရပ်ကွက်ထဲမှာ စက်ဘီးပျောက်သွားတယ်၊ အိမ်ဖောက်သွားတယ်၊ နောက်ဆုံး ခိုးစရာမရှိရင် အိပ်ကုတင်တွေကအစ အိပ်ကုတင်ဆိုတာ သစ်သားကုတင်တွေ ခိုးသွားတယ်။ ခိုးပြီးတော့ အဲဒီသစ်သားအိပ်ကုတင်တွေကို ဘာလုပ်ဖို့လဲ။ အဲဒီသစ်သားအိပ်ကုတင်ဆိုတာ ထင်းဖျက်ပြီးတော့ ထင်းလုပ်လိုက်တာ။ ထင်းလုပ်ပြီး ရောင်းစားတာပေါ့” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည် စစ်တွေမြို့ဟာ လက်ရှိမှာ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဖြစ်ပြီး မြို့နေ လူထုတွေဟာ လုံခြုံစိတ်ချမှုမရှိ ဖြစ်နေရပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်ဟာ စစ်တွေမြို့ကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေးတွေကို ပိုမို တိုးလုပ်လာလျက်ရှိတာပါ။

Related posts

မောင်တောတွင် လူ ၁၀၀ မှာ ၁၇ ယောက်က ငှက်ဖျားပိုး တွေ့ခဲ့တယ်လို့ HDCO ပြော

Rakhita Times

တောင်ကုတ်ကို စကမ ဗုံးကြဲ(Breaking News)

Rakhita Times

စစ်တွေဒေသခံများ အိမ်တွေကို ဖြိုရောင်းပြီး စားသောက်နေရ(မီးသွေး ၁ အိတ် ၅၀၀၀၀ ကျပ် နဲ့ ဝယ်သုံးနေရ)

Rakhita Times

Leave a Comment