အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၆)
ရက္ခိုင်ပြည်အခင်းအကျင်းဟာ စကော်မရှင်ရဲ့ အစိုးရသစ် တက်မလာခင်နဲ့ တက်လာပြီးချိန်အထိ ဘာမှမလုပ်သေးဘဲ ၂၀၂၇ ခုနှစ်လောက်မှသာ ဗဟိုအစိုးရက ကိုင်တွယ်မယ်လို့ ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အစိုးရသစ်မတက်လာခင်ရော၊ တက်ပြီးရော ဘာမှမလုပ်သေးပါဘူး။ ရက္ခိုင်ကို ချန်ပဲ ချန်ထားဦးမှာပါ။ ရက္ခိုင်အရေးက ကျနော်ကြည့်တာတော့ ကျန်တဲ့ အစိုးရအသစ်၊ လွှတ်တော်အသစ်ကို နိုင်ငံတကာ လက်ခံဖို့၊ ပိတ်ဆို့မှုတွေဖြေလျှော့ဖို့ အဲဒါတွေကနေ တဖြေးဖြေးပြန်ပြီးတော့ ထူထူထောင်ထောင် ဖြစ်လာမှ တပ်မတော်ကလည်းပဲ စုစုစည်းစည်း ပြန်ဖြစ်လာတယ်၊ နေရာချထားတာလည်း မှန်လာတယ်။ နောက် နိုင်ငံရေးအရလည်းပဲ ပြည်တွင်းအင်အားစုတွေ လွှတ်တော်တို့၊ အစိုးရတို့ ထောက်ခံမှု ရလာတယ် ဆိုရင်တော့ ရက္ခိုင်ကိုတော့ နောက်နှစ်ပေါ့။ ၂၀၂၇ လောက်မှာမှ ရက္ခိုင်အရေးအခင်းကို ဗဟိုအစိုးရက ကိုင်တွယ်မယ်လို့ ယူဆပါတယ်။ ဒီနှစ်ကတော့ ရက္ခိုင်ကို လုပ်ချင်တာလုပ် လွှတ်ထားမယ်” လို့ သူက ပြောပါတယ်။
အဲဒီလို လွှတ်ထားမယ်ဆိုပေမယ့်လည်း နယ်စပ်ဒေသတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့က အာရက္ခတပ်တော်ကို နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့အဆင့်ထိ မရောက်အောင်တော့ ထိန်းထားမယ်လို့ ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ကတော့ သူ့အကျိုးစီးပွားတွေ မထိခိုက်အောင် သတိပေးထားနိုင်တဲ့အတွက် အာရက္ခတပ်တော်ဘက်က တရုတ်အကျိုးစီးပွားမရှိတဲ့ စစ်တွေတို့ဘက်ကို ထိုးစစ်တွေ ဦးတည်လာတာဖြစ်ကြောင်း သူက ပြောပါတယ်။
“အထူးသဖြင့်တော့ အဲဒီမှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့နဲ့ ဒေသအလိုက်ပေါ့လေ။ နီးစပ်ရာ၊ နီးစပ်ရာ ကုန်သွယ်တာတို့၊ ဆောင်ရွက်တာတို့ ရှိပေမယ့် နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့အဆင့် မရောက်အောင်တော့ ထိန်းထားလိမ့်မယ်လို့ ယူဆပါတယ်။ အဲဒီလိုဆိုရင်တော့ ရက္ခိုင်က သူ့ဟာသူနေ၊ သူ့ဟာသူကျွေး၊ သူ့ဟာသူငတ်ပေါ့လေ၊ သူ့ဟာသူထိန်းပေါ့လေ။ လုပ်ရင်းလုပ်ရင်းနဲ့ ဘယ်လောက် တောင့်ခံမလဲ။ တကယ့် ပြည်ထောင်စုအဆင့် ထိုးစစ်၊ ကြည်း၊ ရေ၊ လေ ထိုးစစ်တွေလာရင် သူထိန်း နိုင်မလား။ အဲဒီလို မထိန်းနိုင်ရင် သူဘာလုပ်ရမလဲ။ အဲဒီအချိန်မှာဆိုရင်တော့ သူက ဆွေးနွေးပွဲကို ပြန်ဝင်ဖို့ ကြိုးစားရတော့မှာပေါ့။ ဒါကြောင့် ရက္ခိုင်ကိုတော့ ကျနော်ထင်တယ် ၆ လ၊ ဒီ ၁ နှစ်တော့ အချိန်ပေးဦးမယ်လို့ ကျနော် ထင်တယ်။ ရက္ခိုင်က သူ့နေရာသူနေ၊ သူ့ဟာသူလုပ်ပဲ။ ဒါပေမယ့် တရုတ်အကျိုးစီးပွား မထိအောင်တော့ red line တော့ တရုတ်က ပေးလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် အခုရက္ခိုင်ထိုးစစ်က စစ်တွေတို့ ဘာတို့ဘက် တရုတ်အကျိုးစီးပွားမရှိတဲ့ဘက်ကို ပိုပြီးတော့ ဦးတည်လာတာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိ ရက္ခိုင်ပြည်မှာတော့ စစ်တွေ၊ မာန်အောင်နဲ့ ကျောက်ဖြူမြို့ကလွဲလို့ ကျန်မြို့တွေအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။
အာရက္ခတပ်တော်အနေနဲ့ အစိုးရသစ်တက်လာပြီးတွေ့ဆုံဆွေနွေးမှုတွေ မလုပ်သေးခင်အချိန်အထိ နယ်မြေတွေကို ရသလောက် ရယူနိုင်ဖွယ်ရှိတယ်လို့လည်း စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။
လက်ရှိမှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်နဲ့ တအာင်းတပ်တို့အကြား ပဋိပက္ခအတွက် လောက်ကိုင်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အခါမှာ အာရက္ခတပ်တော်လည်း ပါဝင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
