BusinessNewsPolitic

ရက္ခိုင်ကို ပို့ဆောင်ရန် အာလူးနဲ့ ဒီဇယ် တင်လာတဲ့ ကုန်သည် ၁၀ ဦးကို BCG ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၃၀ မတ် ၂၀၂၆)

ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးအိတ်များတင်ဆောင်လာတဲ့ ကုန်သည် ၁၀ ဦးကို မတ်လ ၂၉ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“စစ်တကောင်း ကမ်းလွန်ဒေသရှိ ဆန်ဂူဓာတ်ငွေ့ကွင်းအနား ပင်လယ်ရေပြင်တွင် သံသယဖြစ်ဖွယ် ဘုတ်တစီးကို ရပ်တန့် စစ်ဆေးခဲ့တယ်” လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆပ်ဘီရ် အာလမ် ဆူဂျွန်က ပြောပါတယ်။

အဆိုပါ ဘုတ်တွင် ရက္ခိုင်ပြည်ကို တင်ပိုမယ့် တာကာငွေ ၁၁.၅ သိန်းခန့် တန်ဖိုးရှိတဲ့ အာလူး ၂၂,၅၀၀ ကီလိုဂရမ်၊ ဒီဇယ်ဆီ ၂၃၀ လီတာနဲ့အတူ ကုန်သည် ၁၀ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) အနေနဲ့ ဖမ်းဆီးထားသူတွေကို ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေပြီး ဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းများကိုလည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများထံ လွှဲပြောင်းပေးရန် စီစဉ်နေတယ်လို့လည်း သိရပါတယ်။

အလားတူ ရက္ခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘိလပ်မြေတင်ဆောင်လာတဲ့ မူဆလင် ၈ ဦးကိုလည်း ‎ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (Bangladesh Coast Guard) က မတ်လ ၂၇ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။

မတ်လ ၁၉ ရက် နေ့လည်ပိုင်းကလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံ နိုအာခါလီခရိုင် ဟတီယာကျွန်းအနီးရှိ မဂ္ဂနာမြစ်ဝတွင် ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ခန့်မှန်းကာလတန်ဖိုး တာကာငွေ ၅၇၀,၀၀၀ ရှိ အာလူးအိတ် ၇၆၀ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်းဆီးခဲ့ပါသေးတယ်။

ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ် ၂၀ နဲ့ အချိုရည်များ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးနဲ့ ကုန်သည် ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ်က စိန့်မာတင် (အုန်းကျွန်း) အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ပါတယ်။

Related posts

မင်းတုန်းတွင် AA ကို စစ်ကြောင်းထိုးမရလို့ ရွေးတုအစိုးရ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

Rakhita Times

စကမရဲ့ လုပ်ရပ်တွေကို အာရက္ခပြည်လုံးဆိုင်ရာ ပရဟိတအသင်းများကွန်ရက်အပါအဝင် ပရဟိတအသင်းအဖွဲ့ ၃၀ ကျော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

Rakhita Times

စစ်တွေထောင်က လွတ်လာတဲ့ နိုင်ကျဉ်း ၄၀ ခန့်ကို ထောင်ဘူးဝတွင် ပြန်ဖမ်း

Rakhita Times

310 comments

Leave a Comment