အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် မောင်တော နဲ့ မြောက်ဦးတို့တွင် သက်ငယ်မုဒိန်းမှုနဲ့ ကလေးသူငယ်များကို မဖွယ်မရာ ပြုမူမှုများ ပေါ်ပေါက်လာပြီးနောက် တရားခံတွေကို ပြတ်ပြတ်သားသား အရေးယူပေးရန် ရက္ခိုင်ပြည်သူတွေက တောင်းဆိုလာပါတယ်။
ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တဦးကို အသက် ၆၀ အရွယ် အမျိုးသားတဦးက ဧပြီလ ၂၂ ရက် ညနေဖက်တွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။
အလားတူ ရက္ခိုင်ပြည် မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင်လည်း ပြီးခဲ့တဲ့ မတ်လအတွင်းက အသက် နှစ်နှစ်နဲ့ ငါးလအရွယ် မိန်းကလေးငယ်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်တဲ့ ဖြစ်ရပ်တခုလည်း ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်တွင် အဓ္ဓမပြုကျင့်မှု ကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ အသက် ၁၅ နှစ်အရွယ် မောင်ပေါက်စချေ နဲ့ ပြစ်မှုကို ဖုံးကွယ်ရန် ကလေးငယ်ကို သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်လှမြသန်းတို့ကို ဒီလပ်ဌာနက ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တလအကြာ ဧပြီလ ၁၇ ရက်တွင် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
အထက်ပါကဲ့သို့ ဖြစ်စဉ်တွေကြောင့် ရက္ခိုင်ပြည်သူလူထုက မုဒိန်းမှု ကျူးလွန်သူတွေကို ပြတ်ပြတ်သားသား အၕေးယူပေးရန် တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။
“ ဒီအပြစ်က ထောင်ချရုံနဲ့ မရပါ သေဒဏ်ပေးမှ မှတ်လောက်သားလောက် ဖြစ်ပါဖို့” လို့ စနဲဒေသခံအမျိုးသမီးတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ မြေပုံမြို့ဒေသခံအမျိုးသမီးတဦးက “ ရက္ခိုင်မှာ အများဆုံးက မုဒိန်းမှုလို ဖြစ်နေပြီ သူတို့ကို အရှင်ထားဖို့တောင် မကောင်းပါ။ သူတို့ အာသာပြေဖို့အတွက်နဲ့အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ဘယ်လောက်ဆုံးရှုံးရအုန်းမှာလဲ၊ ဒီလိုအမှုတွေကို ပေါ့ပေါ့တန်တန် မလုပ်ဖို့ပဲ အဲလောက်ပဲ ပြောချင်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း မြောက်ဦးမြို့တွင် (ဘက) ကျောင်းဆရာတဦးဖြစ်သူ ဦးမောင်ငယ် (ခ) မောင်တင်နုက အသက် ၈ နှစ်အရွယ်ကျောင်းသူတဦးကို မုဒိန်းမှုကျူးလွန်ရန် ကြံစည်မှုနဲ့ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ ဒီလပ်က အမှုဖွင့် အရေးယူထားပါတယ်။
သက်ငယ်မုဒိန်းအမှုတွေကို အမြန်ဆုံးတရားစီရင်ပေးရန် အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူကလည်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားတောင်းဆိုဖူးပါတယ်။
အမျိုးသမီးအသိုင်းအဝိုင်းများအနေဖြင့်လည်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ်များနဲ့ ပတ်သက်ပြီး တရားစီရင်ရေးကို အင်တိုက်အားတိုက် တွန်းအားပေးရန် လိုအပ်သလို လူမှုကွန်ရက်တွင်လည်း များများ မျှဝေပေးကြရန် ဒေါ်နှင်းဇာဖြူက တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS) က အဓမ္မပြုကျင့်မှု ကျူးလွန်သူများကို ထောင်ဒဏ်တသက် သို့မဟုတ် အနည်းဆုံး ထောင်ဒဏ် ၂၀ နှစ်အထိ ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
