NewsPolitic

ရမ်းဗြဲကို စစ်ကော်မရှင်က ရေကြောင်း နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေ

အာရက္ခတိုင်းမ်စ် (၅ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ရမ်းဗြဲမြို့နယ်အတွင်းကို စစ်ကော်မရှင်က ဒီနေ့ (၅ ဇွန်) ညနေ ၆ နာရီလောက်ကပင် လေကြောင်းနဲ့ ရေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်းဗြဲမြို့နယ်ကို စစ်ကော်မရှင်အနေ နဲ့ ရေကြောင်း၊ လေကြောင်း ပူးပေါင်းစစ်ဆင်ရေးကို ပထမအကြိမ် စတင် လုပ်ဆောင်နေတာ ဖြစ်ပြီးတော့ လက်ရှိ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေအနေ နဲ့ စိုးရိမ်မှုတွေ ရှိနေရတာလည်း ဖြစ်တယ်လို့ ကျောက်နီမော်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ကျနော့်အထင်တော့ ကျနော်တို့နေရာကို မာန်အောင် ခအုန်းမော်လောက်မှာ ကျောက်ချထားတဲ့ နေဗီက ပစ်နေတာလို့ ထင်တယ်။ လူတွေကတော့ လုံခြုံတဲ့ နေရာမှာ နေထိုင်နေကြတယ်။ ကျနော်ရှိတဲ့ အနီးဝန်းကျင်မှာတော့ ပြည်သူ ထိခိုက်တာ မရှိဘူး” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က စစ်တွေနဲ့ ပုဏ္ဏားကျွန်းကြားမှာ ရှိနေတဲ့ စစ်ရေယာဥ် ၃ စီးထဲက ၁ စီးကို အာရက္ခတပ်တော်က ပစ်ခတ် ဖျက်ဆီးခံခဲ့ရပြီးတဲ့နောက်မှာ ကျောက်ဖြူ၊ ရမ်းဗြဲမြို့တွေကို ရေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး လေးတောင်မြို့ဒေသခံတဦးက “ ဒီကိုတော့ လက်နက်ကြီးထိ ပစ်တာမရှိဘူး။ လေကြောင်းကတော့ လေယာဥ်တွေ ဆက်တိုက် ဝဲပျံသံတွေ ကြားနေရတယ်။ ကျနော်တို့လည်း ပုန်းနေရတော့ သေသေချာချာ ဘယ်နေရာတွေ ချတယ်ဆိုတာ မသိရဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ သူတို့ အုပ်ချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ပေါ်၊ ကျောက်ဖြူမြို့ပေါ် နဲ့ မာန်အောင်မြို့တွေ အာရက္ခတပ်တော်လက်ထဲ မကျရောက်သွားစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်တာတွေ ရှိနေသလို ရမ်းဗြဲ၊ တောင်ကုတ်၊ သံတွဲ နဲ့ ဂွမြို့နယ်တွေကို ပြန်လည် သိမ်းပိုက်နိုင်ရေးအတွက် ကမ်းတက် စစ်ဆင်ရေးတွေ ဆင်နွဲနိုင်ဖို့ လုပ်ဆောင်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

တရုတ် – မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်ရာ ရက္ခိုင်ပြည်တောင်ပိုင်း ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့ကို အာရက္ခတပ်တော်၂၀၂၄ ခုနှစ် မတ်လ ၁၁ရက် တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

Related posts

ကရင်နီပြည်သူလူထု၊ ကရင်နီသူရဲကောင်းများကို လေးနက်စွာ တန်ဖိုးထားတယ်လို့ AA ဆို

Rakhita Times

သံတွဲကို စစ်ကောင်စီဗုံးကြဲလို့ ဒဏ်ရာရှိသူထဲက ၁ ဦး ထပ်မံ သေဆုံး

Rakhita Times

ကျောက်ဖြူမြို့နယ်ကိုပါ အကြမ်းဖက်စကမတပ် ဗုံးကြဲ

Rakhita Times

Leave a Comment