အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင် ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ် နေဗီကနေ ဒီရက်ပိုင်း လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်မှုတွေ လုပ်နေပါတယ်။
ရွေးတုအစိုးရတပ် နေဗီတွေဟာ ဇွန်လ ၈ ရက်ကပင် ကျိန္တလီမြို့ အနီးဝန်းကျင်က နေရာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတဲ့အတွက် လူနေရပ်ကွက်တွေပေါ် ကျရောက်လာမှာကို စိုးရိမ်နေရတာ ဖြစ်တယ်လို့ ကျိန္တလီဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ပစ်တာက ဆက်တိုက် ဘယ်ကိုကျလဲတော့ မသိဘူး စိုးရိမ်တာက ကျနော်တို့ လူနေရပ်ကွက်တွေကို ပစ်မှာကိုဘဲ စိုးရိမ်ရတယ်” လို့ သူက ပြောပါတယ်။
တဖက်မှာလည်း ရွေးတုအစိုးရတပ်ဟာ ဂွမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေအနားထိ ကမ်းကပ်လာတာတွေကိုလည်း တွေ့နေရတယ်လို့ ဆိုပါတယ်။
ဂွမြို့နယ်အတွင်းက ကျိန္တလီမြို့ဟာ ရွေးတုအစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ရေကြောင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာကို မကြာခဏ ခံနေရတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်နဲ့ ၂၁ ရက်ကလည်း ရွေးတုအစိုးရတပ်ဟာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တချို့လည်း ပျက်စီးတာ ရှိခဲ့ပါတယ်။
ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်တောင်ပိုင်းက အာရက္ခတပ်တော်ဆီမှာ သူတို့ လက်လွှတ်ထားရတဲ့ မြို့တွေကို ပြန်လည်ရနိုင်ဖို့အတွက် ကမ်းတက် စစ်ဆင်ရေးလုပ်နိုင်ဖို့ကိုလည်း ပြင်ဆင်နေတာ ရှိပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ် တို့ဟာ ရက္ခိုင်ပြည်က စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
