အာရက္ခတိုင်းမ်စ် (၁၃ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်တွေမှာ ရေကြီးနိုင်ပြီး လှိုင်းလေ အလွန်ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။
“ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေနဲ့ မြိတ်၊ ကော့သောင်း အနီးတစ်ဝိုက် မြေနိမ့်ပိုင်းတွေမှာ ကုန်းတွင်းရေလျှံမှုနဲ့အတူ ပင်လယ်ဒီရေတက်ချိန်နဲ့ တိုက်ဆိုင်ပါက မြို့ပြရေကြီးမှုများ ဖြစ်ပွားနိုင်ပါတယ်။ ပင်လယ်ပြင်တွင်လည်း မုတ်သုံလေပြင်းကြောင့် လှိုင်းလေ အလွန်ပြင်းထန်နိုင်လို့ ငါးဖမ်းရေယာဉ်များနဲ့ ကမ်းနီးခရီးသွားလာမှုများ ဘေးအန္တရာယ် ကြုံတွေ့နိုင်ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
ဒီကနေ့ (ဇွန် ၁၃) နဲ့ မနက်ဖြန် (ဇွန် ၁၄) ကစပြီး ပထမ ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် မုတ်သုံလေအားကောင်းရာကနေ ရက္ခိုင်ကမ်းရိုးတန်းနဲ့ ကချင်၊ ရှမ်းမြောက်တောင်တန်းများပေါ်တွင် မိုးရေချိန် ၅၀ ကနေ ၁၀၀ mm အဖြစ် ကနဦး စတင် ရွာသွန်းနိုင်ပြီး ဇွန်လ ၁၅ ရက် နဲ့ ၁၆ ရက်တွင် ကမ်းရိုးတန်းမျက်နှာစာတခုလုံးတွင် မုတ်သုံလေအူတိုင် (Monsoon Core) ပိုမိုထင်ရှားလာပြီး ရက္ခိုင်နဲ့ တနင်္သာရီတွင် မိုးရေချိန်ရရှိတဲ့အခြေအနေ ၁၅၀ mm ကျော် ကို ရုတ်ခြည်းမြင့်တက်သွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။
အလားတူ ဇွန်လ ၁၇ ရက်နဲ့ ၁၈ ရက်တွင် ရက္ခိုင်မြောက်ပိုင်းနဲ့ ကမ်းရိုးတန်းတလျှောက်တွင် ၃၀၀ mm နီးပါးအထိ မိုးရေချိန် စုစုပေါင်း အမြင့်ဆုံးအဆင့် ရရှိနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားနိုင်တယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးရေချိန်ပြ မြေပုံများအရ ခရမ်းရောင်နဲ့ အညိုရောင်ဇုန် (မိုးရေချိန် ၁၅၀ mm အထက်) ကျရောက်တဲ့ ကမ်းရိုးတန်းနဲ့ မြောက်ပိုင်းတောင်တန်း ဒေသများရှိ သဘာဝဘေး စီမံခန့်ခွဲမှု အဖွဲ့များအနေနဲ့ လျှပ်တပြက် ရေကြီးခြင်းနဲ့ မြေပြိုမှု သတိပေးချက်များကို စောစီးစွာ ထုတ်ပြန်ထားသင့်တယ်လို့လည်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က တိုက်တွန်းထားပါတယ်။
