အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့ထဲမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အရင်က ဆရာဝန်တစ်ဦးပဲရှိရာမှ အခုအခါမှာတော့ ဆရာဝန် ၃ ဦး ထပ်မံခန့်ထားတဲ့အတွက် ရောက်နေတယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုကျောက်ဖြူမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ ဆရာဝန်တွေလည်း ၃ ယောက်လောက် ရောက်နေကြပြီ။ ဆရာဝန်ကြီးလည်း ရောက်တယ်၊ အထွေထွေ ရောက်တယ်တဲ့၊ ပြီးတော့ အကြောနဲ့ပတ်သက်ပြီး ဆရာဝန်တစ်ယောက် ရောက်တယ်တဲ့။ အခုက ဆရာဝန်တစ်ယောက်ပဲရှိတာ။ သိပ်မတော်တဲ့အခါကြတော့ ကျန်းမာရေးနဲ့ပတ်သက်လို့ အသေအပျောက်တွေ များကြတယ်လေ” လို့ သူက ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ဆေးဝါးတွေက လိုချင်သလောက် ဝယ်ယူလို့မရပေမယ့် အာဏာပိုင်တွေကို အကူအညီတောင်းပြီး လိုချင်တဲ့ဆေးဝါးတွေကိုတော့ မှာယူလို့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမြို့ထဲမှာတော့ ပုံမှန်အတိုင်းဖြစ်ပေမယ့် ကျန်တဲ့ ဘေးပတ်ပတ်လည်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လက်ရှိ စစ်ရေးအခြေအနေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး မြို့ပေါ်နဲ့ ကျေးရွာအချို့မှာ လုံခြုံရေး ပိုမိုတင်းကျပ်ထားတဲ့ အခြေအနေ ဖြစ်ပေမယ့် ကျောက်ဖြူမြို့ပေါ်မှာတော့ လုံခြုံရေး တင်းကျပ်တာမျိုး မရှိဘူးလို့ သိရပါတယ်။
ကျောက်ဖြူမှာ တရုတ်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတဲ့ အဓိက အခြေခံအဆောက်အအုံများ ရှိနေတာကြောင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိနေတဲ့ အခြေအနေမျိုးလည်း ရှိနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ဒါပေမယ့် စစ်ရေးအရ တင်းမာမှုကတော့ လျော့ကျသွားတာမျိုး မရှိပါဘူး။
