NewsPolitic

AA က တစ်လအတွင်း အမတ ၃၄၄ နားက ကာကင်း ၆ ခု သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၅ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အမြောက်တပ် အမတ ၃၄၄ ဝန်းကျင်ရှိ ကာကင်း ၆ ခုကို တစ်လအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“ မေလကတည်းက အမတ ၃၄၄ နားက ကာကင်းတွေကို တောက်လျောက်ထိုးလာတာ၊ အခုဆို ၆ ခုထက်မနည်းကို သိမ်းထားနိုင်ပြီ။ လက်ရှိဆိုရင်တော့ အမတ ၃၄၄ နဲ့ ၁ မိုင်ကျော်လောက်က စခန်းတွေကို AA က သိမ်းထားပြီလို့ ပြောလို့ရနေပြီ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဇွန်လ ၁၇ ရက်က အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဧရာဝတီတိုင်း ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ရိုးမအစပ်ရှိ ရွေးတုအစိုးရ တပ်စွဲထားတဲ့ ကြောင်လျှာရွာအနီးက တပ်စခန်းငယ် ၃ ခုကို သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ရဲ့ ၁၈၈ တောင်ကုန်းစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဇွန်လ ၂၀ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ ရေကြည်နှင့် သာပေါင်းမြို့နယ်အစပ်က ဝါးတောကွင်း၊ သရက်ကုန်း၊ ဘုရားကြီး၊ သောင်တန်း၊ မရမ်းချို၊ မြေရဲကွင်း၊ ရွှေမျှော်စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုး အင်အားဖြည့်တင်းနေပြီး ဘုရားကြီးနဲ့ မြေရေကွင်းရွာတွင် အမြောက်စခန်းချထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ အမတ ၃၄၄ အမြောက်တပ်ရင်းအနီး တိုက်ပွဲတွင် အာရက္ခတပ်တော်ရဲ့ စနိုက်ဘာလက်ချက်နဲ့ စစ်ကော်မရှင်တပ် ခလရ (၃၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး ဟိန်းဇော်အောင် သေဆုံးခဲ့ပါတယ်။

အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းရဲ့အောက်မှာတော့ ဧရာဝတီတိုင်း ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၉၈)၊ ဓနုဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၀၈) နဲ့ တပ်မ ၆၆ လက်အောက်ခံ (ခလရ ၁၄) တပ်ရင်း တို့ရှိနေတာလည်း ဖြစ်ပါတယ်။

အမတ (၃၄၄) အမြောက်တပ်စခန်းဟာ ငသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်ရောက်ရန် ၂ မိုင်ခန့်သာလိုတော့တဲ့ အမြောက်တပ်တစ်ခုလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်စစ်ရှောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် မျက်စိခွဲစိတ်ကုသပေး

Rakhita Times

သံတွဲကို စကမ ဂျက် ၆ စီးနဲ့ ဗုံးကြဲနေ(Breaking News)

Rakhita Times

ရက္ခိုင်-ဘင်္ဂလားနယ်စပ်တွင် အကြမ်းဖက်သမားတွေက မူဆလင်မဟုတ်သူတွေကို သတ်ဖြတ်မှုလုပ်နေ

Rakhita Times

Leave a Comment