ArticelsPolitic

■ တရုတ်နဲ့ ပါကစ္စတန်တို့ ချောင်းနေတဲ့ကြားက နျူကလီးယား အင်အားဖြည့်နေတဲ့ အိန္ဒိယ

အိန္ဒိယဟာ နျူကလီးယားအင်အားကို တိုးချဲ့ပြီး ကာကွယ်ရေးအတွက် ပြင်ဆင်နေပါတယ်။ ဒါပေမဲ့  တစ်ဖက်မှာလည်း ပါကစ္စတန်နဲ့ တရုတ်ဟာ နျူကလီးယားစစ်ပွဲအဆင့်အထိ မရောက်ဘဲ ကြားထဲက ဟာကွက်တွေမှာ နည်းမျိုးစုံနဲ့ စစ်ကစားဖို့ ကြံဆနေကြပါတယ်။

အိန္ဒိယဟာ ပါကစ္စတန်နဲ့ အစဉ်အလာပြိုင်ဘက် ဖြစ်နေတာအပြင် တရုတ်ကို တုံ့ပြန်ဖို့ မဟာဗျူဟာမြောက် ပိုအာရုံစိုက်လာတာကြောင့် ၂၀၂၆ ဇန်နဝါရီလမှာ နျူကလီးယားထိပ်ဖူး စုစုပေါင်း ၁၉၀ အထိ တိုးမြှင့်ပိုင်ဆိုင်လာတယ်လို့ ပြီးခဲ့တဲ့လက ဆွီဒင်နိုင်ငံ အခြေစိုက် သုနေသနအဖွဲ့ SIPRI ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ၂၀၂၅ ခုနှစ်တုန်းက ထိပ်ဖူး ၁၈၀ ပဲရှိရာကနေ အခုလို တိုးလာတာပါ။ အိန္ဒိယဟာ လေကြောင်း၊ ကုန်းမြေအခြေစိုက်ဒုံးကျည်နဲ့ နျူကလီးယားရေငုပ်သင်္ဘော (SSBN) ဆိုတဲ့ လမ်းကြောင်းသုံးသွယ်လုံးကနေ ပစ်ခတ်နိုင်တဲ့ စွမ်းရည်ကို တဖြည်းဖြည်း အားကောင်းအောင် လုပ်ဆောင်နေပါတယ်။

ဒီလို အင်အားဖြည့်တင်းနေတာဟာ ဒေသတွင်းက ရန်ငြိုးတွေနဲ့ တင်းမာမှုတွေကြောင့်ပါ။ ဥပမာပြရရင် ၂၀၂၅ မေလတုန်းက ဆင်ဒိုးစစ်ဆင်ရေးမှာ အိန္ဒိယဟာ နျူကလီးယားတာဝန်ယူထားတဲ့ ပါကစ္စတန်စစ်စခန်းတွေကို သမားရိုးကျစစ်လက်နက်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာမျိုး ရှိခဲ့ပါတယ်။

အိန္ဒိယဟာ တရုတ်ရဲ့ရန်ကို ဟန့်တားဖို့နဲ့ ပထမအကြိမ် တိုက်ခိုက်ခံရရင်တောင် နောက်တစ်ကြိမ်မှာ ပြန်လည်တုံ့ပြန်နိုင်စွမ်း ရှိအောင် ရည်ရွယ်ပြီး ဝေးဝေးပစ်နိုင်တဲ့ လက်နက်တွေမှာ ရင်းနှီးမြှုပ်နှံနေသလို နျူကလီးယားကုန်ကြမ်းတွေကိုလည်း ဆက်တိုက်ထုတ်လုပ်နေပါတယ်။ နည်းပညာပိုင်းမှာလည်း အိန္ဒိယစစ်တပ်ဟာ မကြာသေးခင်ကမှ Agni-V ဒုံးကျည်မှာ ထိပ်ဖူးအများအပြား တပ်ဆင်ပစ်ခတ်နိုင်တဲ့ MIRV နည်းပညာကို သုံးလာနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အိန္ဒိယဟာ ငြိမ်းချမ်းရေးကာလ စစ်ရေးပြင်ဆင်မှုကိုပါ ပြောင်းလဲလာပါတယ်။ ကုန်းမြေအခြေစိုက် ဒုံးကျည်တွေကို အသင့်ပစ်ခတ်နိုင်တဲ့ ဗူးတောင့်တွေထဲ ထည့်သွင်းထားတာ၊ နျူကလီးယားထိပ်ဖူးအချို့ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို ကင်းလှည့်ခိုင်းတာမျိုးတွေ လုပ်လာပြီး စစ်ဖြစ်လာရင် ချက်ချင်းပစ်ခတ်နိုင်အောင် အသင့်ပြင်ထားတဲ့ သဘောမျိုး ပြသလာတာ ဖြစ်ပါတယ်။

■ နျူကလီးယား မဟာဗျူဟာကို စိန်ခေါ်လာတဲ့ စစ်ပွဲပုံစံအသစ်များ

ဒါပေမဲ့ အိန္ဒိယက နျူကလီးယားအင်အား တောင့်တင်းအောင် လုပ်နေတဲ့အချိန်မှာပဲ တစ်ဖက်မှာတော့ ပေါင်းစပ်စစ်ပွဲ ပုံစံတွေ၊ ပုံစံမတူတဲ့ တိုက်ခိုက်မှုတွေနဲ့ နျူကလီးယားအဆင့် မရောက်တရောက် အနေအထားအထိ စွန့်စားမှုတွေကြောင့် နျူကလီးယားရှိရင် ရန်သူမတိုက်ရဲဘူး ဆိုတဲ့ အယူအဆဟောင်းကြီးက ပျက်ပြားလာနေပါတယ်။

နိုင်ငံရေးပညာရှင် ရို့စ်ဂေါ်တီမိုလာက ၂၀၂၆ ဇွန်လထုတ် Foreign Policy ဆောင်းပါးမှာ ရုရှား-ယူကရိန်းစစ်ပွဲ၊ အီရန်-အစ္စရေးစစ်ပွဲနဲ့ အိန္ဒိယရဲ့ ဆင်ဒိုးစစ်ဆင်ရေး တို့ကို ထောက်ပြပြီး နျူကလီးယားဟန့်တားမှုဟာ အရာရာကို မတားဆီးနိုင်တော့ကြောင်း မှတ်ချက်ပြုပါတယ်။ အချို့နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေဟာ နျူကလီးယားအင်အားကြီးနိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုကို မကြောက်ဘဲ စိန်ခေါ်လာကြကြောင်းလည်း သူက ရေးသားထားပါတယ်။

နျူကလီးယားနဲ့ လက်တုံ့ပြန်မယ်ဆိုတဲ့အချက်ဟာ သမားရိုးကျစစ်ပွဲတွေ သို့မဟုတ် ပေါင်းစပ်စစ်ပွဲတွေကို မတားဆီးနိုင်ခဲ့ဘူးလို့ ရို့စ်က ဆိုပါတယ်။ ဘာလို့လဲဆိုတော့ နျူကလီးယားနိုင်ငံတွေဟာ သူတို့ရဲ့ အဖိုးတန် နျူကလီးယားလက်နက်တွေကို သုံးဖို့ ဝေခွဲမရဖြစ်နေချိန်မှာ တန်ဖိုးနည်းဒရုန်းတွေ အများကြီးနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်လာတာမျိုးကို မကာကွယ်နိုင်လို့ပါပဲ။

နောက်ပြီး နျူကလီးယားလက်နက် လုံးဝမသုံးရ ဆိုတဲ့ ၁၉၄၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကမ္ဘာ့စည်းကမ်းက အခုထိ ခိုင်မာနေဆဲဖြစ်လို့ ဘယ်ခေါင်းဆောင်မဆို နျူကလီးယားသုံးဖို့ စဉ်းစားရင် ကမ္ဘာ့ရန်သူအဖြစ် သမိုင်းတွင်ကျန်ရစ်မယ့် ဘေးထွက်ဆိုးကျိုးကို ကြောက်နေကြရပါတယ်။

ဒါပေမဲ့လည်း နျူကလီးယားဟာ သမားရိုးကျစစ်ပွဲတွေမှာ အားနည်းချက်ရှိနေပေမဲ့ စိတ်ဓာတ်ရေးရာအရတော့ အားကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေတုန်းပါပဲ။ ဟက်ဆန်အင်စတီကျုက ပက်ထရစ်ခရိုနင်ကတော့ နျူကလီးယားရှိတဲ့နိုင်ငံတွေဟာ သမားရိုးကျစစ်ပွဲတွေမှာ သူတို့လိုချင်တဲ့ ရည်မှန်းချက်ရဖို့ နျူကလီးယားအကြောက်တရားကို အသုံးချတာ ပိုကျွမ်းကျင်လာကြတယ်လို့ ဆိုပါတယ်။ အချို့ဆိုရင် နျူကလီးယားလက်နက်အသေးစားကို သုံးလိုက်ရင်တောင် တစ်ဖက်က သမားရိုးကျလက်နက်နဲ့ပဲ ပြန်တိုက်မှာပါလို့ ထင်နေကြတာမျိုး ရှိပါတယ်။

ဒါပေမဲ့ ဒီလို သမားရိုးကျစစ်ပွဲနဲ့ နျူကလီးယားနယ်ပယ်တွေ ရောထွေးလာတာဟာ ဘယ်အချိန်မှာ ဘာဖြစ်မယ်မှန်း မသေချာမှုကို ပိုများစေပြီး အကဲဖြတ်မှားယွင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ခရိုနင်က သတိပေးထားပါတယ်။

■ ပါကစ္စတန်မျက်နှာစာ

အိန္ဒိယအတွက်တော့ ဒီလို ဒွိဟအခြေအနေဟာ သီအိုရီအဆင့်တင် မဟုတ်တော့ပါဘူး။ ပါကစ္စတန်နဲ့ တရုတ်က နျူကလီးယားဟန့်တားမှု၊ သမားရိုးကျစစ်ပွဲနဲ့ ပေါင်းစပ်စစ်ပွဲတွေကြားက ဟာကွက်တွေကို အားစမ်းနေတာကြောင့် အိန္ဒိယအနေနဲ့ စစ်ပွဲကြီးတစ်ခုလုံးကို တားဆီးဖို့ထက် နျူကလီးယားအဆင့်အောက်က ပဋိပက္ခတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ပိုစဉ်းစားလာရပါတယ်။

စစ်ဗျူဟာပညာရှင် အာရှောရှီဗာနီက သူ့ရဲ့ ၂၀၂၆ မတ်လ အစီရင်ခံစာမှာ ပါကစ္စတန်ဟာ “ မီးခိုးရောင်စစ်ဗျူဟာ” (Gray zone warfare) ကို နျူကလီးယားအကာအကွယ်နဲ့ ပေါင်းစပ်အသုံးချနေတယ်လို့ ဆိုပါတယ်။ ပါကစ္စတန်ဟာ ကြားခံအဖွဲ့အစည်းတွေ သုံးပြီး အိန္ဒိယကို တိုက်ခိုက်နေချိန်မှာ အိန္ဒိယဟာ နျူကလီးယားအဆင့်ထိ မရောက်စေဘဲ သမားရိုးကျ စစ်အင်အားအသာစီးနဲ့ ပြန်ခြိမ်းခြောက်နေရပါတယ်။ အလွယ်ပြောရရင် ပါကစ္စတန်ဟာ အိန္ဒိယကို စစ်အင်အား တိုးမသုံးနိုင်အောင် လုပ်ပြီး သူ့ဘက်ကတော့ စစ်ပွဲအသေးစားလေးတွေနဲ့ ကစားနေတဲ့သဘောပါ။

ဒါပေမဲ့ ပညာရှင်နောက်တစ်ဦးဖြစ်တဲ့ ဆဒ်ဒန့်ကီရှိုး ကတော့ အိန္ဒိယဟာ ပါကစ္စတန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို သိပ်ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ပါကစ္စတန်မှာ ရေအောက်ကနေ ပြန်တိုက်နိုင်တဲ့ နျူကလီးယားအင်အား ခိုင်ခိုင်မာမာ မရှိလို့ပါ။ တစ်ဖက်မှာလည်း အိန္ဒိယဟာ “ ငါတို့ အရင်မစဘူး” လို့ ပြောထားပေမဲ့ တကယ်တမ်း အတိုက်ခံရရင်တော့ လက်တုံ့ပြန်ချိန်မှာ အပြတ်အသတ် လက်တုံ့ပြန်မယ်ဆိုတဲ့ စစ်ဗျူဟာကို သုံးထားပါတယ်။

ဒီအချက်က ပြနေတာတစ်ခုက နျူကလီးယားရှိနေရုံနဲ့ ပြိုင်ဆိုင်မှုတွေကို မတားဆီးတော့ဘူး ဆိုတာပါပဲ။ ရန်သူကို ဒရုန်းတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအချက်အလက်စစ်ပွဲတွေနဲ့ နျူကလီးယားစည်းကို မကျော်ဘဲ စစ်တိုက်တဲ့ ပုံစံအသစ်တွေဆီ တွန်းပို့လိုက်သလို ဖြစ်နေပါတယ်။

ပါကစ္စတန်ဘက်က ကြည့်ရင်တော့ ၂၀၂၅ မေလက သမားရိုးကျစစ်ပွဲတွေ ဖြစ်ခဲ့ပေမဲ့ ပါကစ္စတန်ရဲ့ နျူကလီးယား ကာဘာစနစ်က ကျရှုံးမသွားဘဲ စစ်ပွဲကြီးဖြစ်မလာအောင် တားဆီးနိုင်ခဲ့တယ်လို့ စစ်ရေးပညာရှင် ရာဘီယာအက်ခတာက သုံးသပ်ပါတယ်။ ဒါပေမဲ့ သမားရိုးကျတိုက်ခိုက်မှုတွေနဲ့ ဆိုက်ဘာစစ်ပွဲတွေ အတွက်တော့ လုံခြုံရေးဟာကွက်တွေ ရှိနေတုန်းပဲလို့ သူကဆိုပါတယ်။

ဒါကြောင့် ပါကစ္စတန်ဟာ နျူကလီးယားတစ်ခုတည်းကိုပဲ အားကိုးမနေတော့ဘဲ အေအိုင်နည်းပညာ၊ အီလက်ထရွန်နစ်စစ်ဆင်ရေး၊ ဆိုက်ဘာဗျူဟာနဲ့ တိကျတဲ့ ဒုံးပစ်စနစ်တွေကို ပေါင်းစပ်ပြီး စစ်ပွဲမကြီးထွားအောင် ထိန်းချုပ်နိုင်မယ့် သမားရိုးကျလက်နက်တွေကိုပါ တိုးမြှင့် ပြင်ဆင်လာနေပါတယ်။

■ တရုတ်-အမေရိကန် အားပြိုင်မှုရဲ့ ဘေးထွက်ဆိုးကျိုး

တရုတ်မျက်နှာစာကတော့ ပါကစ္စတန်နဲ့မတူဘဲ ပိုပြီးနက်နဲပါတယ်။ ပညာရှင် ရာကက်ရှ်ဆော့ဒ်ရဲ့ အဆိုအရ အိန္ဒိယနဲ့ တရုတ်ကြားမှာ နယ်စပ်တင်းမာမှုတွေ ရှိပေမဲ့ နျူကလီးယားစစ်ပွဲအထိ မရောက်အောင် အပြန်အလှန် ထိန်းကျောင်းကာကွယ်ထားတဲ့ စနစ် ရှိတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံလုံးဟာ နျူကလီးယားကို အရင် စ,မသုံးဘူး ဆိုတဲ့ မူဝါဒကို တင်းတင်းကျပ်ကျပ် ကိုင်စွဲထားတာကြောင့် ၂၀၂၀ တုန်းက အာဆိုင်းချင်း နယ်စပ်ပဋိပက္ခလိုမျိုး တင်းမာချိန်မှာတောင် နျူကလီးယားနဲ့ ခြိမ်းခြောက်တာမျိုး မလုပ်ခဲ့ကြပါဘူး။ ဒါကြောင့် အိန္ဒိယဟာ တရုတ်ရဲ့ နယ်စပ်ကျူးကျော်မှုတွေကို သမားရိုးကျစစ်အင်အားနဲ့ပဲ တုံ့ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း တရုတ်ရဲ့ နျူကလီးယားအင်အား အရှိန်အဟုန်နဲ့ တိုးတက်လာမှုဟာ အိန္ဒိယကို စိုးရိမ်စေပါတယ်။ ပညာရှင် ရာဂျက်ဘာဆာရာက တရုတ်ဟာ အိန္ဒိယကို ပြိုင်ဘက်လို့ မသတ်မှတ်ဘဲ အမေရိကန်ကိုသာ တကယ့်ပြိုင်ဘက်လို့ မြင်တာဖြစ်ပေမဲ့ တရုတ်ရဲ့ အင်အားကြီးထွားလာမှုဟာ အိန္ဒိယအတွက်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဆိုပါတယ်။

SIPRI ရဲ့ အချက်အလက်တွေအရ တရုတ်မှာ ၂၀၂၅ တုန်းက နျူကလီးယားထိပ်ဖူး ၆၀၀ ရှိရာကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ၆၂၀ အထိ တိုးလာပါတယ်။ အချို့ စစ်ရေးပညာရှင်တွေကတော့ တရုတ်ဟာ နောက် ၄ နှစ်၊ ၅ နှစ်အတွင်းမှာ လက်နက်အရေအတွက်အားဖြင့် အမေရိကန်နဲ့ ရင်ပေါင်တန်းနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ၂၀၂၆ ဇန်နဝါရီစာရင်းအရ အမေရိကန်မှာ အသင့်ပြင်ထားတဲ့ နျူကလီးယားလက်နက် ၁၇၇၀ ရှိပါတယ်။

တရုတ်မှာ နည်းပညာတွေ၊ အထူးသဖြင့် MIRV ထိပ်ဖူးတွေ၊ နျူကလီးယားရေငုပ်သင်္ဘောတွေနဲ့ ဂြိုဟ်တုထောက်လှမ်းရေးစနစ်တွေ တိုးတက်လာပါတယ်။ ဒီလိုတိုးတက်မှုကြောင့် တရုတ်ဟာ အိန္ဒိယဘက်က လက်တုံ့ပြန် တိုက်ခိုက်လာရင်လည်း ပြန်လည်တိုက်ခိုက် ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေနိုင်တယ်လို့ အိန္ဒိယစစ်ရေးပညာရှင် ရီချာရှားမားက သတိပေးထားပါတယ်။

ခြုံပြောရရင် အိန္ဒိယရဲ့ နျူကလီးယားအင်အားတိုးချဲ့မှုဟာ နိုင်ငံတော်ရှင်သန်ရေးအတွက် ရန်သူကို ဟန့်တားနိုင်စွမ်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေ အောက်မှာဖြစ်လာမယ့် ပေါင်းစပ်စစ်ပွဲတွေ၊ မီးခိုးရောင်စစ်ဗျူဟာတွေကို အိန္ဒိယဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာက အဖြေပေးသွားမှာပါ။

အိန္ဒိယရဲ့ ကာကွယ်ဟန့်တားမှုဗျူဟာဟာ နျူကလီးယားထိပ်ဖူး အရေအတွက်အပေါ်မှာပဲ မူတည်တော့တာ မဟုတ်ပါဘူး။ ရန်သူ့ကျူးကျော်မှုတွေကို နျူကလီးယားစည်း မကျော်ဘဲ ထိရောက်အောင် နှိပ်ကွပ်နိုင်စွမ်းနဲ့ ပဋိပက္ခတွေကို စနစ်တကျ ထိန်းချုပ်နိုင်စွမ်း အပေါ်မှာသာ မူတည်နေတော့မှာ ဖြစ်ပါတယ်။

ရဲမွန်လှ

Asia Times မှာဖော်ပြထားတဲ့ India ramps up nukes while China, Pakistan probe for holes ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ မူရင်းဓာတ်ပုံ – X

Related posts

ဇူလိုင်လကုန် အပြောင်းအလဲက စစ်ကောင်စီအတွက် အဓိကကျ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၁၉-ခ)

Rakhita Times

စနဲတိုက်ပွဲ ၃ ရက်အတွင်း AA က ရန်သူ့အလောင်း ၄၀ ကျော် ရရှိ

Rakhita Times

Leave a Comment