အာရက္ခတိုင်းမ်စ် (၈ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့နယ် ဂျိတ်တော်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က သြဂုတ်လ ၆ ရက်မှာ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပြီး ဆေးဝါးကုသမှုတွေလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
“ဂျိတ်တော်ကနေ စစ်ရှောင်လာကြတဲ့ ပြည်သူ ၂၀၀ ကျော်ကို စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့ ဆန်နဲ့ အိမ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးတယ်။ ပြီးတော့ ကျန်းမာရေးအရ ဆေးဝါးကုသမှုလိုနေတဲ့ သူတွေကိုလည်း ဆေးကုသတာတွေ ပြုလုပ်ပေးခဲ့တယ်” လို့ သံတွဲခရိုင်က တာဝန်ရှိသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် သံတွဲခရိုင် ငပလီမြို့နယ် ဂျိတ်တော်ရပ်ကွက်ကို ရွေးတုအစိုးရက ဇူလိုင်လ ၂၃ ရက်နဲ့ သြဂုတ်လ ၃ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဂျိတ်တော်ရပ်ကွက်နေ ပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်က ဂျိတ်တော်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူ ၂၁၁ ဦး အတွက် ဆန် အိတ် ၃၀၊ သောက်ရေခွက် ၇၂ ခွက်၊ ပန်းကန် ၁၁၂ ချပ်၊ ရေသုံးခွက် ၇၀ နဲ့ ထမင်းအိုး ၅၅ လုံးတို့ကို ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆေးဝန်ထမ်းများကလည်း စစ်ဘေးရှောင်ပြည်သူ ၂၈ ဦးကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၅ ရက်ကလည်း သံတွဲခရိုင် ငပလီမြို့နယ် ဂျိတ်တော်ရပ်ကွက်က စစ်ဘေးရှောင်ပြည်သူ ၁၉၈ ဦး အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် သံတွဲခရိုင်ပါတီရုံးက ဆန် ၁၂ အိတ် ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
Photo – APM
