အာရက္ခတိုင်းမ်စ် (၁၀ စက်တင်ဘာ ၂၀၂၆)
အာရက္ခတပ်တော်ဟာ မြန်မာနိုင်ငံအနှံ့တွင် မဟာမိတ်ကွန်ရက် တည်ဆောက်ထားနိုင်တယ်လို့ သိရပါတယ်။
“AA ဟာ မြောက်ပိုင်းမဟာမိတ်၊ ညီနောင်မဟာမိတ် ၃ ဖွဲ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်လာတဲ့ PDF, LPDF, CDF အပါအဝင် ၂၃ ဖွဲ့နဲ့ တစ်နိုင်ငံလုံးအနှံ့ မဟာမိတ်ကွန်ရက်ကြီး တည်ဆောက်ထားနိုင်ခဲ့တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
အဆိုပါ အဖွဲ့ ၂၃ ဖွဲ့ဟာ မြို့နယ် ၆၁ မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေပြီး ၁၈ ဖွဲ့ကတော့ ရက္ခိုင်ပြည်အစပ်တွေဖြစ်တဲ့ ချင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတို့မှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရွေးတုအစိုးရတပ်က အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ၄၉၂၆ စစ်ဆင်ရေးဆိုပြီး စစ်အင်အား အများအပြားနဲ့ ထိုးစစ်တွေ ဆင်နေတာလည်း ဖြစ်ပါတယ်။
“AA ကို ဖြိုနိုင်ရင် တော်လှန်ရေး တပ်ဦးကျိုးမယ်၊ တပ်ဦးကျိုးရင် တော်လှန်ရေး ပြီးသလောက် ဖြစ်သွားမယ်ဆိုတာ သူတို့ (ရွေးတုတပ်) ကောင်းကောင်းသိတယ်။ AA ကို တိုက်နေတာဟာ ရက္ခိုင်တစ်ပြည်တည်းကို တိုက်နေတာ မဟုတ်ဘူး။ မြန်မာတစ်ပြည်လုံးရဲ့ တော်လှန်ရေးတပ်ဦးကို ဖြိုဖို့ ကြိုးစားနေတာ ဖြစ်တယ်” လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
အာရက္ခတပ်တော်က လက်ရှိမှာတော့ ရက္ခိုင်ပြည်ထဲက မြို့နယ် ၁၄ မြို့နယ်နဲ့ ပလက်ဝမြို့တို့ကို သိမ်းပိုက်ထားပြီး ရွေးတုအစိုးရတပ်ရဲ့ ကပစ စက်ရုံတွေရှိတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းကို ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ရက္ခိုင်ပြည်အတွင်း ထိုးစစ်များ စတင်ခဲ့ပြီး လက်ရှိတွင် ပလက်ဝဒေသ အပါအဝင် ရက္ခိုင်ပြည်ရဲ့ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်များအရ သိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ် မေလကစတင်ကာ ပလက်ဝဒေသအပါအဝင် ခရိုင် ရှစ်ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။
