NewsPolitic

KIA နဲ့ ရွေးတုအစိုးရကြား ဘာမှ ဖြစ်လာစရာမရှိ

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၆)

ရွေးတုအစိုးရတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ရွှေကူမြို့နယ်ထဲ တိုက်ပွဲတွေ ပြင်းထန်နေချိန် နေပြည်တော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်စာပို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

အဲဒီလို ဖိတ်ခေါ်တာ ရွေးတုအစိုးရနဲ့ KIA နှစ်ဖက်စလုံးက တရုတ်ဖိအားကြောင့် ဖြစ်နိုင်ပေမယ့် တစ်စုံတစ်ရာ ဘာမှ ဖြစ်လာစရာ မရှိဘူးလို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဟို ကျွန်မ ပြောပြီးပြီလေ။ မင်းအောင်လှိုင်ရဲ့ ရည်ရွယ်ချက်ကိုကနော် ဒီ ဟိုသင်းတွေ လုပ်ဖို့ပဲလေ။ ဟို ဘယ်လိုခေါ်မလဲ သူ့ စစ်အာဏာရှင်စနစ်ကို ဆွဲဆန့်ဖို့ပဲ။ အဲတော့ အရင်တုန်းက ဒီ KIA ကိုလည်း ဖိအားပေးတာ တရုတ်က ဖိအားပေးတာ ပြောပါ၊ စကားပြောပါဆို ဖိအားပေးလို့။ အစက KIA ကလည်း ငြင်းထားတာဗျ။ ဒါပေမဲ့ အခုဟာတော့ ငြင်းလို့ မရတော့ဘူးနဲ့ တူတယ်၊ သွားပြောဆိုတော့လည်း သွားပြောတာပေါ့။ ဘာမှ ဖြစ်လာစရာ အကြောင်းမရှိပါဘူး၊ ခင်ဗျား စိတ်သာချ” လို့ သူက ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဦးဆောင်တဲ့ အစိုးရဟာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့ NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးဘက်အဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီထဲက NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်တပ်ခန့် အစိုးရက ဆွေးနွေးထားသလို NCA မထိုးရသေးတဲ့ UWSA “ဝ” အဖွဲ့၊ NDAA မိုင်းလားအဖွဲ့၊ TNLA တအာင်းလွတ်မြောက်ရေး တပ်မတော်နဲ့ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ တို့နဲ့လည်း ဆွေးနွေး ထားပါတယ်။

ကိုးကန့်အဖွဲ့ MNDAA နဲ့လည်း အခု စက်တင်ဘာလအတွင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

KIA အနေနဲ့ တရုတ်ဖိအားကြောင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုကို သွားချင် သွားနိုင်ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဟို ဒါ သွားတာတော့ သွားချင် သွားကြမှာပေါ့လေ။ ခင်ဗျား သွားနေတာပဲ ခင်ဗျ၊ အခြား အဖွဲ့တွေလည်း သွားနေကြတာပဲလေ။ “ဝ” လည်း သွားတာပဲ၊ မိုင်းလားလည်း သွားတာပဲ။ အဲတော့ အခု KIA က သွားမယ် ပြောတာ။ တရုတ်က ဖိအားပေးတော့ သွားပါမယ် ပြောတာပေါ့။ MNDAA ကလည်း ဒီလိုပဲ ပြောတာပဲ သွားမယ်။ သွားဖြစ်ချင်မှ သွားဖြစ်မှာပေါ့။ အခုပဲ ကြည့်လေ MNDAA လည်း မသွားဖြစ်သေးပါဘူး၊ TNLA တော့ သွားဖြစ်တာ တွေ့လိုက်တယ်။ MNDAA က အခုထိ သွားတာ မတွေ့ဘူး။ “ဝ” တို့၊ မိုင်းလား တို့ကတော့ ပြောစရာ မလိုဘူးလေ၊ အစကတည်းက သူတို့က အပစ်အခတ် ရပ်စဲရေးရော ဘာရော၊ စီးပွားရေးအရရော ဘာရော အဆက်အစပ် ရှိပြီးသားဆိုတော့ သူတို့ သွားတာလည်း သိပ်ထူးတာ မဟုတ်ဘူး။ KIA နဲ့ တွေ့ဆုံမလား၊ MNDAA နဲ့ တွေ့ဆုံမလား၊ တွေ့ဆုံရင်ရော ဘာအဖြေတွေ ထွက်လာမလဲ ဒါ ကြည့်ရမှာပေါ့ဗျာ။ ကျွန်မ ကြည့်တာတော့ သိပ်ထူးမှာ မဟုတ်ဘူး။ KIA လည်း ဗိုလ်ချုပ်ဂွမ်မော်တို့ ပြောပြီးပြီ၊ ကျနော်တို့ မသွားဘူးတာ မဟုတ်ဘူးတဲ့ အကြိမ်ကြိမ် သွားတွေ့ပြီးပြီ၊ ဘာမှ ထူးမလာပါဘူး၊ ဒါကြောင့် ဒီတစ်ခေါက်လည်း သွားမယ်လို့ စိတ်မကူးပါဘူးလို့ ဟိုတစ်ခေါက် ဟိုတစ်နေ့က ပြောပြီးပြီ။ ဒါပေမယ့် ကြည့်ရတာ တရုတ်က ထပ် ဖိအားပေးတယ် ထင်တယ်။ ဒါကြောင့်မို့လို့ သွားပါမယ်လို့ ပြောလာတယ်လို့ ကြားရတာ။ ဒါပေမဲ့ ဒီသတင်းကလည်း ဘယ်လောက် ဟုတ်ဦးမလဲဆိုတာ မသိသေးဘူး” လို့ သူက ပြောပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ခုနှစ် မတ်လကစလို့ မြို့သိမ်းတိုက်ပွဲတွေ ပြုလုပ်လာပြီး လွယ်ဂျယ်၊ မိုးမောက်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မံစီ၊ ဆွမ်ပရာဘွမ်၊ အင်ဂျင်းယန်၊ ဆဒုံး၊ မဘိန်း မြို့တွေကို သိမ်းယူထားပါတယ်။

Related posts

AA ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

Rakhita Times

ကော့ကရိတ်တိုက်ပွဲ မြဝတီ အထိ ရောက်ဖို့ အလားမလာမရှိ

Rakhita Times

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၁၁ သြဂုတ် ၂၀၂၅)

Rakhita Times

Leave a Comment