NewsPolitic

ကျိန္တလီကို ရွေးတုတပ် ဗုံးကြဲ ပြည်သူ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် ဂွမြို့နယ် ကျိန္တလီမြို့ကို ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၁၀ ရက် ည ၁၀ နာရီခန့်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“လာကြဲတဲ့အချိန်က အိပ်ချိန်ရောက်နေပြီလေ။ အသက် ၈၀ ကျော် အဖိုးကတော့ ဆုံးသွားတယ်။ အသက် ၅၀ လောက် ဦးလေးတစ်ယောက်တော့ ဒဏ်ရာ ရသွားတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ်ဟာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာနဲ့ ည ၉ နာရီ ၄၁ မိနစ်မှာ တစ်ကြိမ်၊ ည ၉ နာရီ ၄၆ မိနစ်မှာ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက်နေ အသက် ၈၁ နှစ်အရွယ် ဦးဦးကျော်ခိုင် ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရရှိသွားသူကတော့ ကျိန္တလီမြို့ အမှတ် ၂ ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ဦးချစ်စမ်းမောင် ဖြစ်တယ်လို့ သိရပါတယ်။

ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့လည်း ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။

အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။

Related posts

■ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံ လက်တွေ့ဖြစ်နိုင်ခြေ

Rakhita Times

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၁)

Rakhita Times

တောင်ကုတ်က ပြည်မထွက်လာသူ ၃၀ ကျော် ပြည်တွင် အဖမ်းခံရ

Rakhita Times

Leave a Comment