အာရက္ခတိုင်းမ်စ် (၂ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးသူငယ်များနဲ့ အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူ ၅၀ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ အာရက္ခမီဒီယာကောင်စီ (APC) က အောက်တိုဘာလ ၁ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့၊ အိန္ဒိယဈေးကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုကာ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ နီးပါး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပါတယ်။
စစ်ရေးနဲ့ လုံးဝ မသက်ဆိုင်တဲ့ အရပ်သားပြည်သူများ၊ လူနေရပ်ကွက်များနဲ့ ပြည်သူ့အခြေပြု နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းပင် ဖြစ်တယ်လို့ APC က ထောက်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီဟာ သူတို့ရဲ့ ယုတ်မာ ရက်စက်တဲ့ လုပ်ရပ်များကို ဖုံးဖိရန်အတွက် လိမ်လည်ဝါဒဖြန့်ချိမှုများကိုပါ ဆက်တိုက် လုပ်ဆောင်နေလျက်ရှိရာ မြေပြင်အခြေအနေမှန်များကို လိုရာဆွဲကာ လုပ်ကြံသတင်းဖြန့်မှုများကို မိဘပြည်သူများအနေနဲ့ အထူးသတိထားကြရန်လည်း အာရက္ခမီဒီယာကောင်စီက တိုက်တွန်းထားပါတယ်။
အရပ်သားပြည်သူများရဲ့ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေခံဥပဒေများကို တိကျစွာ လိုက်နာကျင့်သုံးကြရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးကိုလည်း အာရက္ခမီဒီယာကောင်စီက လေးနက်စွာ တိုက်တွန်း တောင်းဆိုထားပါတယ်။
