အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)
အာရက္ခတပ်တော်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကို ဆက်လက် သိမ်းပိုက်သွားမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် စစ်ကောင်စီက အဲဒီမြို့တွေမှာ ခုခံစစ်အင်အားတွေ တိုးချဲ့နေပြီး ရက္ခိုင်ဒေသတစ်ဝန်း ထိုးစစ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအရှိန်မြှင့်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၃ ရက်က ကျရောက်တဲ့ ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲ ၃ နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ ကျန်ရှိတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တွေကိုပါ ဆက်လက်သိမ်းပိုက်သွားမယ်လို့ AA က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက် ထုတ်ပြန်အပြီးမှာတော့ နေပြည်တော်စစ်ရုံးမှာ တပ်ချုပ်ရဲဝင်းဦး ဦးဆောင်ပြီး ရက္ခိုင်ဒေသဆိုင်ရာ အထူးစစ်ဆင်ရေး အစည်းအဝေးတစ်ရပ်ကို အရေးပေါ် ခေါ်ယူ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲဒီအစည်းအဝေးမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာ ခုခံစစ်အင်အားတွေ တိုးချဲ့ဖို့၊ ထိုးစစ်တွေကို အရှိန်မြှင့်ဖို့နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ယခင်ထက် ပိုလုပ်ဖို့ တပ်ရင်းတပ်ဖွဲ့တွေဆီ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
မာန်အောင်မြို့မှာ စစ်အင်အား အနည်းငယ်သာရှိတော့ပေမယ့် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေမှာတော့ တပ်တွေကို ၂၄ နာရီ အသင့်အနေအထားနဲ့ ပြင်ဆင်ထားစေပြီး အခြားဒေသတွေက တိုက်ခိုက်ရေးတပ်မတွေကိုပါ ထပ်ဖြည့်တင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
