အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို နိုဝင်ဘာလ ၁၆ ရက် ညဘက်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒဏ်ရာရသူတွေက အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း ၂ ဦးဖြစ်ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ကျောက်တော်မြို့ကို နိုဝင်ဘာလ ၁၆ ရက် ည ၁၁ နာရီခွဲကျော်ကစပြီး ဂျက်ဖိုက်တာ ၃ စီးနဲ့ ၅ ကြိမ်တိုင်တိုင်၊ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ Cluster Bomb ၁၀ လုံး၊ စုစုပေါင်း ဗုံး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးသီးတွေက စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်နေရာတွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးက အဲဒီအနီးမှာ ရှိနေသူတွေလို့ ကျောက်တော်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
စိုက်ပျိုးရေးသိပ္ပံကျောင်းက အဆောက်အအုံ နှစ်ဆောင်လည်း ပြိုပျက်ခဲ့တယ်လို့ သိရပါတယ်။
ကျောက်တော်မြို့ကို စက်တင်ဘာလ ၂၈ ရက်မှာ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ပါတယ်။
AA က လေကြောင်းတိုက်ခိုက်မှုတွေ ရက်ပိုင်းအတွင်း ပိုမိုဖြစ်ပွားနိုင်လို့ ပြည်သူတွေကို အမြဲသတိထားဖို့ တိုက်တွန်းထားပါတယ်။
