အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြင်းထန် ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးကြီးတစ်ဦးဟာ ဆေးကုသမှုခံယူနေစဉ်အတွင်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူဟာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ရွှေရီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက် ညသန်းခေါင်အချိန်မှာ ကျောက်တော်မြို့နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေါ်ရွှေရီအပါအဝင် ဒေသခံ အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အဲဒီထဲမှာ အသက် ၁၀ နှစ်အောက် မူဆလင်ကလေးငယ်တစ်ဦးအပါအဝင် မူဆလင် ၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။
ဒေါ်ရွှေရီဟာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘယ်ဘက်ဝမ်းဗိုက်မှာ ဗုံးစထိမှန် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေစဉ်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီခန့်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့ အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅၀ ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပြီး၊ ၅၈ ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
