NewsPolitic

AA က သုံ့ပန်းနဲ့ လက်နက်သိမ်းအပြီး စစ်ကောင်စီက မင်းတုန်းက ရွာတွေကို ပါရာမော်တာနဲ့ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ဘက်ကနေ အမ်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ် က ကြားဖြတ်တိုက်ခိုက်ရာ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာတွေကို ပါရာမော်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နဲ့ ၉ ရက်တို့တွင် တပ်မ ၅၅ ဦးဆောင်တဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ တလိုင်းတောင်ဘက်ကို ထိုးစစ်ဆင်လာစဉ် သဖန်ရောင်နဲ့ ကံကြောကျေးရွာအနီးမှာ အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ် နှစ်ရက်ကြာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာကာ နောက်ဆုတ်သွားခဲ့ရပြီး အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်က စစ်ကောင်စီ သုံ့ပန်းများအပြင် လက်နက်ခဲယမ်း အမြောက်အများကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မင်းတုန်းတိုက်ပွဲများတွင် စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁၂ ရက်တွင် ပုသိမ်-မုံရွာ ကားလမ်းမပေါ်ရှိ မဲဇလီကျေးရွာအတွင်းကို ပါရာမော်တာ ၂ စီးနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်ပေါ်တွင် အိပ်ပျော်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးပြီး အိမ် ၂ လုံး ပျက်စီးသွားခဲ့ပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်ဟာ ရက္ခိုင်ရိုးမကို နည်းလမ်းမျိုးစုံနဲ့ ဖောက်ဝင်နိုင်ရန် ကြိုးပမ်းနေပြီး မင်းတုန်း-သဖန်ရောင် ပတ်ဝန်းကျင်တွင် စစ်အင်အား ၁,၀၀၀ ကျော်နဲ့ တပ်စွဲထားသလို ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း ပွိုင့် (၉၄၈) ကုန်း ပတ်ဝန်းကျင် တိုက်ပွဲတွင်လည်း ရုပ်အလောင်းနဲ့ လက်နက်များစွာ စွန့်လွှတ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

Related posts

လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ ရက္ခိုင်စစ်ရှောင် ၁ ဦးသေဆုံး၊ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Rakhita Times

မိုင်းလားကို စစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်လား

Rakhita Times

မြောက်ဦးဖြစ်စဉ်ဟာ စစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ BPLA ကွပ်ကဲရေးမှူး ဆို

Rakhita Times

Leave a Comment