အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)
မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ် ရှိခဲ့ပြီး ယခင် ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ၁၁.၇၃ ရာခိုင်နှုန်း တိုးလာကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဒီထဲမှာ ရက္ခိုင်ပြည်က လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်နဲ့ အများဆုံး ခံခဲ့ရတဲ့ ဒေသအဖြစ် MIP က ဖော်ပြထားပါတယ်။
MIP ရဲ့ မှတ်တမ်းအရ ရက္ခိုင်ပြည်အတွင်း မြို့နယ် ၁၅ ခုအထိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
အဲဒီ ၃ လပတ်အတွင်း ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းရဲ့ ၆၂.၆၅ ရာခိုင်နှုန်းခန့်က ရက္ခိုင်ပြည်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိက ဖြစ်ခဲ့ပါတယ်။
ဒီထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၂၃ ခု၊ ရက္ခိုင်ပြည်က ၁၅ ခုနဲ့ မကွေးတိုင်းက ၁၂ ခု ပါဝင်တယ်လို့ MIP က ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်အနက် ၅၆၂ ကြိမ် (၉၆.၈၈ ရာခိုင်နှုန်း) က အင်တာနက်ဖြတ်တောက်မှု ခံနေရတဲ့ ဒေသတွေအတွင်းမှာ ဖြစ်ခဲ့ကြောင်း MIP က ဖော်ပြထားပါတယ်။
ရက္ခိုင်ပြည်ကလည်း အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသတွေထဲ ပါဝင်ပါတယ်။
MIP ရဲ့ မှတ်တမ်းအရ ၃ လအတွင်း အရပ်သားပြည်သူ အနည်းဆုံး ၃၅၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး သေဆုံးမှုအားလုံးရဲ့ ၉၆.၈၈ ရာခိုင်နှုန်းခန့်က အင်တာနက်ဖြတ်တောက်ထားတဲ့ ရက္ခိုင်ပြည်အပါအဝင် ဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
