ArticelsEnvironment

စစ်မီးကြား စိမ်းလန်းရေးနဲ့ အာရက္ခလူငယ်များ

စစ်ရေးပဋိပက္ခနဲ့ လောင်စာအခက်အခဲတွေကြားမှာ ရက္ခိုင်ပြည်ရှိ ဒီရေတောနဲ့ သစ်တောတွေဟာ ဖိအားတွေ ပိုမိုကြုံတွေ့နေရပါတယ်။

ဒီလိုအခြေအနေမှာ ဒေသခံလူငယ်တွေက သစ်ပင်ပြန်လည်စိုက်ပျိုးတာ၊ ရှိပြီးသားသစ်တောတွေကို ထိန်းသိမ်းတာတွေ လုပ်ဆောင်နေကြပေမဲ့ စိုက်ပျိုးထားတဲ့အပင်တွေ ရှင်သန်ဖို့နဲ့ သစ်တောပြုန်းတီးမှုကို တားဆီးနိုင်ဖို့ကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

အမ်းဒေသက သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ကိုမင်း (အမည်လွှဲ)ဟာ ၂၀၁၉ ခုနှစ်ကတည်းက သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ဒီရေတောမျိုးစိတ် ၄၀ ကျော်ထဲက  ဒေသနဲ့ကိုက်ညီတဲ့ ဒီရေတောမျိုးစိတ်တွေကို ရွေးချယ်စိုက်ပျိုးကြပေမဲ့ စိုက်ပျိုးပြီးနောက်ပိုင်း အပင်တွေကို ထိန်းသိမ်းဖို့မှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“သစ်ပင်တွေ အပင်ပန်းခံ စိုက်ကြတာ။ ဒါပေမဲ့ စိုက်ရင်းနဲ့ ပျက်စီးသွားတာ၊ စိုက်ပြီးမှ ခုတ်လှဲခံရတာ၊ မီးသွေးနဲ့ ထင်းအတွက် ပြန်ခုတ်သွားတာမျိုးတွေ ကြုံရတယ်။”လို့ ကိုမင်းက စစ်ပွဲကြားထဲက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရတဲ့ မြေပြင်စိန်ခေါ်မှုတွေကို ရင်ဖွင့်ပြောပြပါတယ်။

ဒီရေတောတွေမှာ သစ်ပင်စိုက်ပျိုးဖို့ကလည်း လွယ်ကူတဲ့လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ ဒီရေအတက်အကျအလိုက် စိုက်ပျိုးနိုင်တဲ့အချိန်ကို ချိန်ဆရပြီး ရေတက်ချိန်မှာ အချိန်မီလုပ်ဆောင်နိုင်ဖို့ လှေ၊ လူအင်အားနဲ့ စိုက်ပျိုးရေးပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားရပါတယ်။

စစ်ပွဲကာလမှာ သစ်တောတွေ ဘယ်လိုဖိအားကြုံနေရသလဲ

ရက္ခိုင်ပြည်မှာ ဒီရေတောနဲ့ ကုန်းတွင်းသစ်တောတွေဟာ သဘာဝပတ်ဝန်းကျင်အတွက်သာမက ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ဒီရေတောတွေဟာ ငါးနဲ့ အခြားရေနေသတ္တဝါတွေအတွက် နေထိုင်ရာနဲ့ မျိုးပွားရာနေရာတွေကို ပံ့ပိုးပေးနိုင်သလို ကမ်းရိုးတန်းတလျှောက် လှိုင်းနဲ့ ရေတိုက်စားမှုရဲ့ သက်ရောက်ချက်ကို လျော့ပါးစေနိုင်ပါတယ်။

ဒါပေမဲ့ လျှပ်စစ်မီးနဲ့ အခြားလောင်စာရရှိဖို့ အခက်အခဲဖြစ်နေတဲ့ ရက္ခိုင်မှာ ထင်းနဲ့ မီးသွေးအပေါ် မှီခိုနေရမှုက သစ်တောတွေအပေါ် ဖိအားဖြစ်လာပါတယ်။

စနဲမြို့အနီး စစ်ဘေးရှောင်တွေရဲ့  ထင်းအပေါ်မှီခိုနေရမှုကို ဒေသခံတစ်ဦးက ခုလိုဆိုပါတယ်။

​”စစ်ဘေးရှောင်နေရတယ်။ ထင်းကိုအဓိကထားသုံးရတာပေါ့။ တောထဲတောင်ထဲ ထင်းရှာပြီးသုံးရတာ။ စစ်ရှောင်အများစုက ဒီရေတောနဲ့ နီးတဲ့နေရာနဲ့ သစ်တောတွေနား နေကြ တာများပါတယ်” လို့ သူက ပြောပါတယ်။

​ စစ်တွေလို မြို့ပေါ်ဒေသတွေမှာလည်း မီးသွေးနဲ့ ထင်းရရှိရေးအခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နေရပ်စွန့်ခွာသွားသူတွေရဲ့ အိမ်သုံးပစ္စည်းတချို့ကို လောင်စာအဖြစ် ရောင်းချတာ၊ အသုံးပြုတာတွေရှိသလို ထင်းအတွက် ကုန်ကျစရိတ်လည်း မြင့်တက်လာတယ်လို့လ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုမင်းကလည်း စစ်ပွဲမတိုင်ခင်ကတည်းက ဒီရေတောပြုန်းတီးမှုတွေ ရှိခဲ့ပြီး စစ်ပွဲကာလမှာ လျှပ်စစ်မီးမရတဲ့ ဒေသတွေက လူတွေဟာ ထင်းနဲ့ မီးသွေးကို ပိုမိုမှီခိုလာကြတာကို မြေပြင်မှာ တွေ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ စနစ်တကျကောက်ယူထားတဲ့ ကိန်းဂဏန်းဒေတာအပေါ် အခြေခံတဲ့ သုံးသပ်ချက်မဟုတ်ဘဲ သူ့ရဲ့ မြေပြင်အတွေ့အကြုံအပေါ် မူတည်တာဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။

GMW (Global Mangrove Watch) ရဲ့ ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေနဲ့ ၂၀၂၄ မြေပုံညွှန်းတွေအရ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ရက္ခိုင်ပြည်က ဒီရေတော ဧရိယာတွေ သိသိသာသာ လျော့နည်းသွားခဲ့ပြီး အဲဒီနေရာတွေမှာ စနစ်မကျတဲ့ ပုစွန်မွေးမြူရေးကန်တွေ အစားထိုး ဝင်ရောက်လာတာကို တွေ့ရတယ်လို့ ဆိုထားပါတယ်။

သစ်တောပြုန်းတီးမှုကို စစ်ပွဲမတိုင်ခင်နဲ့ စစ်ပွဲကာလဆိုပြီး အချိန်ကာလအလိုက် ခွဲခြားလေ့လာဖို့ လိုအပ်တယ်လို့ ရက္ခိုင်က ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပါဝင်နေတဲ့ ခိုင်ရာဇာထူးက သုံးသပ်ပါတယ်။

သူ့အမြင်အရ ULA/AA ထိန်းချုပ်မှု မရခင်ကာလမှာ စီးပွားရေးကျဆင်းမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် စည်းကမ်းမဲ့ သစ်တောထုတ်ယူမှုတွေ ဖြစ်ပေါ်နိုင်သလို၊ ထိန်းချုပ်ပြီးနောက်ကာလမှာတော့ လျှပ်စစ်နဲ့ လောင်စာပြတ်တောက်မှုတွေကြောင့် ထင်းနဲ့ မီးသွေးအတွက် သစ်တောအရင်းအမြစ်အပေါ် မှီခိုမှု ပိုများလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။ ဒါပေမဲ့ ဒီအချက်တွေကို တိတိကျကျ အတည်ပြုဖို့ စနစ်တကျ ကောက်ယူထားတဲ့ စစ်တမ်းနဲ့ ဒေတာတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ကိုမင်းတို့ ရင်ဆိုင်လာရတဲ့ နောက်ထပ် အခက်အခဲတစ်ခုကတော့ အာရက္ခတပ်တော် (AA) က ဝမ်ဖိုက်ဒီရေတော ကြိုးဝိုင်းအတွင်း သစ်ခုတ်တာကို လုံးဝ မလုပ်ရဆိုပြီး တားမြစ်ပြီးနောက် သစ်ခုတ်သူတွေဟာ သူတို့ရဲ့ ထိန်းသိမ်းရေး နယ်မြေဖြစ်တဲ့ အမ်းမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် နယ်နိမိတ်အစပ်တွေဘက်ကို ရောက်လာပြီး သစ်ပင်တွေကို ခုတ်ယူလာကြတယ်လို့ ဆိုပါတယ်။

​သူ့ရဲ့ မြေပြင်အတွေ့အကြုံအရ ပြူးဝိုင်းကြီး၊ ပြူးကုလား၊ ပြားဇီး၊ လင်းပိုက်၊ ကပိုင်၊ ရီအုန်း၊ ရီဇော၊ နှံဖြူ နဲ့ ပနံပင် စတဲ့ ဒီရေတော သစ်ပင်တွေ ခုတ်ယူခံရတာကို စိုးရိမ်ရတယ်လို့ ပြောပါတယ်။

​”မီးသွေးနဲ့ ထင်းခုတ်လို့ရတဲ့ အပင်မှန်သမျှဟာ ပန်းပွင့်၊ အသီးသီးပြီး မျိုးပွားနိုင်တဲ့ အရွယ်ကိုပင် မရောက်သေးဘူး၊ ခုတ်လှဲခံနေကြရတာပါ။ ဒါကြောင့် သဘာဝအတိုင်း ပြန်လည် မျိုးပွားဖို့အတွက် အပင်ကြီးတွေပင် မကျန်တော့တဲ့အထိ စိုးရိမ်စရာ အခြေအနေ ဖြစ်နေရပါတယ်” လို့ ကိုမင်းက လက်ရှိ မြေပြင်က ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို ပြောပြပါတယ်။

ဒီရေတောတွေက ဘာတွေအကျိုးပြုလဲ

ဒီရေတောတွေဟာ ငါးနဲ့ အခြားရေနေသတ္တဝါတွေရဲ့ နေထိုင်ရာနဲ့ မျိုးပွားရာနေရာတွေလည်း ဖြစ်သလို ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းနဲ့ မုန်တိုင်းဒီရေရဲ့ သက်ရောက်မှုကိုလည်း လျော့ချပေးပါတယ်။

ဒါ့အပြင်ကာဗွန်သိုလှောင်ပေးနိုင်တဲ့ သဘာဝဂေဟစနစ်တွေလည်း ဖြစ်ပါတယ်။ ဒီရေတောလို ကမ်းရိုးတန်းဂေဟစနစ်တွေနဲ့ ဆားငန်ရေဝင်ရောက်တဲ့ ရွှံ့နွံတောတွေက စုပ်ယူသိုလှောင်ထားတဲ့ ကာဗွန်ကို Blue Carbon (အပြာရောင်ကာဗွန်) လို့လဲ ခေါ်ပါတယ်။

သုတေသနတွေအရဆိုရင် ဒီရေတောတွေရဲ့ ကာဗွန်စုပ်ယူနိုင်နှုန်းနဲ့ သိုလှောင်နိုင်စွမ်းဟာ သာမန် အပူပိုင်းသစ်တောတွေထက် ၂ ဆ ကနေ ၄ ဆ အထိ ပိုများနေတာကို တွေ့ရပါတယ်။

ဒီရေတောရဲ့ ရွှံ့နွံမြေတွေဟာ အမြဲလိုလို ရေစိမ့်ဝင်နေပြီး အောက်ဆီဂျင် နည်းပါးတဲ့မြေမှာ ရေအောက်က အရာတွေကို ဆွေးမြေ့စေတဲ့ အဏုဇီဝတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ကြပါဘူး။ ဒါကြောင့်ပဲ ကာဗွန်ဟာ မြေအောက်ထဲမှာ နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီပြီး မြှုပ်နှံသိမ်းဆည်းခံထားရတာပါလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Insight Research Corner ရဲ့ Managing Director ဒေါက်တာလွင်လွင်ဝေက ရှင်းပြပါတယ်။

“ဒီရေတောတွေရဲ့ တကယ့်စွမ်းအားဆိုတာ အောက်ဆီဂျင် ပိုထုတ်ပေးတာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။

ဒီရေတောတွေ ပျက်စီးပြီး မြေဆီလွှာကို ထိခိုက်စေတဲ့အခါ သိုလှောင်ထားတဲ့ ကာဗွန်တချို့ လေထုထဲ ပြန်လည် ရောက်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီရေတောထိန်းသိမ်းရေးဟာ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနဲ့လည်း ဆက်စပ်နေပါတယ်။

ဒီရေတောနဲ့ သစ်ပင်တွေကို ကာကွယ်ဖို့ လူငယ်တွေရဲ့ ကြိုးပမ်းမှု

ဒီရေတောပြုန်းတီးမှုကို တားဆီးဖို့ သစ်ပင်ပြန်လည်စိုက်ပျိုးခြင်းဟာ အရေးကြီးပေမဲ့ ရှိပြီးသားသစ်တောတွေကို ကာကွယ်ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။

ကိုမင်းတို့အဖွဲ့အနေနဲ့ ၂၀၁၉ ခုနှစ်တည်းက အခုအချိန်အထိ အမ်းမြို့နယ်ထဲမှာတင် ဒီရေတောအပင်တွေဖြစ်တဲ့ ပြူးဝိုင်း အပင်ပေါင်း ၄၅,၃၀၀၊ ပြူးကုလား ၃,၇၀၀၊ တုပ်ခမောက် ၃၉,၀၀၀၊ ပြာပင် ၁၀,၆၀၀၊ နှံဖြူပင် ၈,၂၀၀၊ ရီအုန်း ၁,၇၄၀၊ ကပိုင် ၃၈,၅၀၀၊ လင်းပိုက်ပင် ၁,၉၃၀၊ ပနံပင် ၃၅ ပင်၊ သီလာ ၃,၀၂၀၊ ဓနိ ၄၂,၇၃၀ နဲ့ သဝင်ပင် ၃,၅၀၀ တွေကိုစိုက်ပျိုးပေးခဲ့တာပါ။

စိုက်ခဲ့သမျှရဲ့ ၉၀ ရာခိုင်နှုန်းကတော့ အမ်းမြို့နယ် သပြုချိုင်ကျွန်း ဒီရေတောဧရိယာအတွင်းမှာ စိုက်ပျိုးခဲ့တာဖြစ်တယ်လို့ ပမာဏနဲ့ ဒေသတွေကို ကိုမင်းက အသေးစိတ် ပြောပြပါတယ်။

“မြေပြင်မှာက ကျနော်တို့ ဘယ်လောက်ပဲ စိုက်စိုက်၊ ဘယ်လောက်ပဲ ထိန်းထိန်း စည်းကမ်းမဲ့ စီးပွားဖြစ် သစ်ခုတ်လှဲတာတွေ ပိုများလာတော့ ဒီရေတောတွေ ပျက်စီးပြုန်းတီးမှုကလည်း နဂိုထက် ပိုများလာနေတယ်” လို့ စိုက်ပျိုးထားတဲ့ အပင်တွေကို ပြန်လည်ထိန်းသိမ်းရတဲ့ မြေပြင် စိန်ခေါ်မှုနဲ့ ပတ်သက်လို့လည်း သူက ဆက်ပြောပြပါတယ်။

ထိန်းသိမ်းရေးလုပ်ငန်းတွေ ရေရှည်တည်တံ့ဖို့ ဘာတွေလိုအပ်သလဲ

သစ်တောပြန်လည်ထူထောင်ရေးမှာ ဒေသခံလူထုရဲ့ ပါဝင်မှုက အရေးကြီးတယ်လို့ ရက္ခိုင်ပြည်က စိမ်းလန်းစီအဖွဲ့ကို ဒေါ်နှင်းဇာဖြူက ဆိုပါတယ်။

သူက “တစ်အိမ်တစ်ပင်စိုက်၊ ကိုယ်စိုက်တဲ့အပင်ကို ကိုယ်တိုင်ထိန်းသိမ်း” ဆိုတဲ့ ပုံစံမျိုးနဲ့ သစ်ပင်စိုက်ပျိုးမှုကို နေ့စဉ်ပြုစုစောင့်ရှောက်မှုနဲ့ ချိတ်ဆက်သင့်တယ်လို့ အကြံပြုပါတယ်။

သစ်ပင်တွေစိုက်နေကြပေမယ့် စစ်ပွဲကာလ လုံခြုံရေးအခြေအနေ၊ ခရီးသွားလာရေးအခက်အခဲနဲ့ ငွေကြေးအရင်းအမြစ် အကန့်အသတ်တွေကြောင့် စိုက်ပျိုးပြီးနောက် ပုံမှန်ကွင်းဆင်းစစ်ဆေးဖို့နဲ့ ဒေတာကောက်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ မြေပြင်မှာ ပါဝင်လုပ်ဆောင်သူတချို့က ပြောပါတယ်။

ရေရှည်ထိန်းသိမ်းရေးအတွက် နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ သစ်တောအရင်းအမြစ်အပေါ် မှီခိုနေရတဲ့ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ လျှပ်စစ်မီးနဲ့ အခြားလောင်စာရရှိရေး အခက်အခဲတွေ မပြေလည်သေးသရွေ့ ထင်းနဲ့ မီးသွေးအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ ခက်ခဲနိုင်ပါတယ်။

ဒါ့အပြင် တရားမဝင်သစ်ခုတ်မှုတွေကို စောင့်ကြည့်တိုင်ကြားနိုင်ဖို့လည်း လက်တွေ့ကျတဲ့ စနစ်တွေ လိုအပ်ပါတယ်။ အဲဒီလိုလုပ်ငန်းတွေကို ဘယ်အဖွဲ့တွေက တာဝန်ယူထားသလဲ၊ တိုင်ကြားချက်တွေကို ဘယ်လိုကိုင်တွယ်သလဲ၊ စိုက်ပျိုးထားတဲ့အပင်တွေကို ဘယ်လိုစောင့်ကြည့်သလဲဆိုတာတွေကို ရှင်းလင်းစွာ သတ်မှတ်နိုင်မှသာ ထိန်းသိမ်းရေးလုပ်ငန်းတွေရဲ့ ရလဒ်ကို အကဲဖြတ်နိုင်မှာ ဖြစ်ပါတယ်။

ကိုမင်းကတော့ သူတို့ရဲ့ ဒီရေတောတွေ ထိန်းသိမ်းနေရတဲ့ ရည်ရွယ်ချက်က

“နောင်လာမယ့် မျိုးဆက်တွေအတွက် အာရက္ခပြည်ရဲ့ ပင်လယ်ကမ်းရိုးတန်းတစ်ခုလုံးနဲ့ ရိုးမတစ်လျှောက်မှာ သစ်တောသစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေနေတဲ့ အနာဂတ်အခြေအနေတစ်ခုကိုပဲ လက်ဆင့်ကမ်း ပေးချင်တာပါ” လို့ ဆိုပါတယ်။

Related posts

စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်က ဇာတ်လမ်း

Rakhita Times

ရက္ခိုင်မြောက်ပိုင်းအနေနဲ့ ရေကျရန်ခက်ခဲတဲ့ ရေရှည်ရေကြီးခြင်း ဖြစ်ပေါ်နိုင်

Rakhita Times

အိမ်သုံးသစ်ခုတ်သူများ လိုက်နာရန် အချက် ၇ ချက် အာရက္ခအစိုးရ ထုတ်ပြန်

Rakhita Times

Leave a Comment