NewsPolitic

ဗုံးသံအောက်က ကျောက်တော်နှင့် အာရက္ခတော်လှန်ရေးပန်းတိုင်

မောင်ပျော်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် မွန်းတည့်ချိန်။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယစျေးအနီးကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ စျေးသည်များ၊ စျေးဝယ်သူများ၊ ကုန်ပစ္စည်းသယ်ဆောင်သူများနှင့် ဖြတ်သန်းသွားလာသူများ ရှိနေသည့်အချိန် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုတွင် အနည်းဆုံး လူ ၅၀ ထက်မနည်း သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့များက ဖော်ပြထားသည်။ 

သေဆုံးသူများထဲတွင် အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်ကြောင်း IIMM က ဆိုသည်။ ထိုဖြစ်ရပ်သည် လူအများအတွက် သာမန် လေကြောင်းတိုက်ခိုက်မှု တစ်ခုသာမဟုတ်ဘဲ ဈေးတစ်ခု၊ တံတားတစ်စင်း၊ လူနေအဆောက်အအုံများနှင့် နေ့စဉ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပေါင်းစည်းနေသည့် မြို့ပြလူမှုဘဝထဲသို့ အကြမ်းဖက်မှုတစ်ခု တိုက်ရိုက် ဝင်ရောက်လာခြင်းပင် ဖြစ်သည်။ 

IIMM ၏ စက်တင်ဘာလ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်နောက်ပိုင်း ရက္ခိုင်ပြည်တစ်ဝန်းတွင် အရပ်သားများအပေါ် လေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း အထောက်အထားများဖြင့် သက်သေပြနေသည်။

ကျောက်တော်ဖြစ်ရပ်ကို ဗုံးကျသည့် ဖြစ်ရပ်တစ်ခုအဖြစ်သာ မကြည့်ဘဲ  စစ်ရေးရည်မှန်းချက်များအတွက် လေကြောင်းကို ပိုမိုအသုံးပြုလာခြင်းနှင့် ဆက်စပ်ပြီး ကြည့်ရန်လိုလာသည်။ လက်နက်ကိုင်ပဋိပက္ခ တည်နေရာနှင့် ဖြစ်ရပ်အချက်အလက် (ACLED (Armed Conflict Location & Event Data) ၏ လက်ရှိသုံးသပ်ချက်အရ စက်တင်ဘာလ ၄ ရက်တွင် စတင်ခဲ့သည့် Operation 4926 သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများ ပြန်လည်ရယူရန် လေကြောင်း၊ ရေကြောင်းနှင့် မြေပြင်တပ်များကို ပေါင်းစပ်အသုံးပြုနေပြီး မြို့ပြဧရိယာများအထိ တိုက်ခိုက်မှုများ တိုးချဲ့လာသည်ဟု ဆိုသည်။

ဒီနေရာတွင်  အရေးကြီးသော မေးခွန်းတစ်ခု ပေါ်လာသည်။ လေကြောင်းတိုက်ခိုက်မှုများက စစ်ပွဲတစ်ခု၏ နောက်ဆုံးအနိုင်အရှုံးကို အမှန်တကယ် ဖန်တီးနိုင်သလား။

ကမ္ဘာ့စစ်ရေးသမိုင်းက ဒီမေးခွန်းအတွက် ရိုးရှင်းသော ဟုတ်သည် သို့မဟုတ် မဟုတ် ဟူသော အဖြေကို တိကျစွာ ပေးထားသည်။ 

လေကြောင်းစစ်ဆင်ရေး၏ အကြီးမားဆုံး စမ်းသပ်မှုများထဲမှ တစ်ခုမှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်။ ဂျာမနီနှင့် ဂျပန်တို့အပေါ် မဟာမိတ်တပ်များ၏ ဗုံးကြဲတိုက်ခိုက်မှုများကို စစ်ပြီးနောက် United States Strategic Bombing Survey (USSBS) က အသေးစိတ်လေ့လာခဲ့သည်။ USSBS ၏ မှတ်တမ်းများကို အမေရိကန်ရေတပ်သမိုင်းဌာနနှင့် GovInfo တွင် ယနေ့တိုင် ထိန်းသိမ်းထားသည်။

လေကြောင်းတိုက်ခိုက်မှုသည် ထိရောက်မှုမရှိသည် မဟုတ်။ သို့သော် ဗုံးကျခြင်း နှင့် စစ်ပွဲအနိုင်ရခြင်းသည် အဓိပ္ပာယ်  မတူညီကြောင်း ခွဲခြားနားလည်ရန် လိုအပ်သည်။ လေကြောင်းတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုသည် မည်သည့်ပစ်မှတ်ကို ဖျက်ဆီးသနည်း။ ထိုပစ်မှတ်သည် ရန်သူ၏ စစ်ရေးစွမ်းရည်နှင့် မည်မျှဆက်စပ်သနည်း။ မြေပြင်နှင့် အခြားစစ်ရေးစွမ်းအားများက မည်သို့ ဆက်လက်လုပ်ဆောင်သနည်းဆိုသည့် အချက်များပေါ် မူတည်သည်။

ဗီယက်နမ်စစ်ပွဲသည် ပို၍ ထင်ရှားသော ဥပမာတစ်ခု ဖြစ်သည်။ အမေရိကန်သည် Operation Rolling Thunder အပါအဝင် မြောက်ဗီယက်နမ်အပေါ် နှစ်ပေါင်းများစွာ လေကြောင်းတိုက်ခိုက်ခဲ့သည်။ အမေရိကန်တပ်မတော်၏ တရားဝင် သမိုင်းမှတ်တမ်းများအရ မြောက်ဗီယက်နမ်၏ ထောက်ပံ့ရေးလမ်းကြောင်းများနှင့် စစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ထိခိုက်စေခဲ့သော်လည်း စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို လေကြောင်းတိုက်ခိုက်မှု တစ်ခုတည်းက မပြောင်းလဲနိုင်ခဲ့ပေ။ U.S. Army ၏ သမိုင်းဆိုင်ရာ လေ့လာချက်တစ်ခုတွင်လည်း ဗီယက်နမ်၌ လေကြောင်းတိုက်ခိုက်မှုများသည် ထောက်ပံ့ရေးနှင့် မြေပြင်တပ်များကို ကူညီရာတွင် အရေးပါခဲ့သော်လည်း စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်ခဲ့ကြောင်း သုံးသပ်ထားသည်။

ထိုအချက်သည် အာရက္ခအခြေအနေနှင့် ဆက်စပ်ကြည့်လျှင် အရေးကြီးသော အချက်တစ်ချက်ပင် ဖြစ်သည်။

ACLED ၏ ၂၀၂၆ ခုနှစ်၊ ဇူလိုင်အခြေအနေ သုံးသပ်ချက်တွင် အာရက္ခတပ်တော်၏ တိုက်ခိုက်မှုများကို လေကြောင်းတိုက်ခိုက်မှုများနှင့် ရေတပ်ပစ်ခတ်မှုများဖြင့် တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း စစ်ရေးတိုးတက်မှုများကို အပြည့်အဝ ရပ်တန့်နိုင်ခြင်း မရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

ထို့ထက် ပိုမိုထင်ရှားသော ဥပမာမှာ ၁၉၉၉ ခုနှစ် Kosovo စစ်ပွဲဖြစ်သည်။ NATO ၏ Operation Allied Force သည် လေကြောင်းတိုက်ခိုက်မှုကို အဓိကအသုံးပြုပြီး ယူဂိုဆလားဗီးယားအစိုးရကို Kosovo မှ တပ်များရုပ်သိမ်းစေရန် ဖိအားပေးခဲ့သည်။ အမေရိကန်လေတပ်၏ သမိုင်းမှတ်တမ်းတွင် ထိုစစ်ဆင်ရေး၏ ရည်ရွယ်ချက်မှာ Milosevic အစိုးရကို Kosovo မှ ပြန်လည်ဆုတ်ခွာစေရန် အတင်းအကျ်ပ်ဖိအားပေးသော လေကြောင်း စစ်ဆင်ရေး (coercive air campaign) ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် RAND ကော်ပိုရေးရှင်း၏  Kosovo စစ်ဆင်ရေးလေ့လာချက်က လေကြောင်းတိုက်ခိုက်မှုတစ်ခုတည်းဖြင့် Kosovo မြေပြင်ရှိ ပြန့်ကျဲနေသော တပ်များနှင့် အရပ်သားများအပေါ် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုကို ရပ်တန့်ရန် အခက်အခဲကြီးမားခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ထိုလေ့လာချက်တွင်ပင် လေကြောင်းစစ်ဆင်ရေး၏ ထိရောက်မှုသည် မြေပြင်စစ်ရေး၊ နိုင်ငံရေးဖိအားနှင့် အခြားအခြေအနေများနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။

စစ်ရေးပညာရှင် Robert A. Pape ၏ အနိုင်ရရှိရန် ဗုံးကြဲခြင်း စစ်ပွဲတွင် လေကြောင်းစွမ်းအားနှင့် အတင်းအကျပ်ဖိအားပေးမှု (Bombing to Win: Air Power and Coercion in War) သည် ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ အီရတ်အပါအဝင် လေကြောင်းစစ်ဆင်ရေး ၃၀ ကျော်ကို လေ့လာပြီး အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းက လေကြောင်းအင်အားကို အောင်မြင်မှုမရကြောင်း ဆိုထားသည်။ ရန်သူ၏ စစ်ရေးမဟာဗျူဟာကို တိုက်ခိုက်နိုင်ခြင်းသာ လေကြောင်းအင်အား၏ အောင်မြင်မှုဟု ဆိုရမည်။

လွတ်မြောက်ရေးစစ်ပွဲများ၏ သမိုင်းကို လေ့လာရာတွင် မည်သူက ပို၍ ဗုံးကြဲနိုင်သနည်း ဆိုသည်ထက် မည်သူက မြေပြင်ကို ထိန်းချုပ်နိုင်သနည်း၊ လူထုထောက်ခံမှုနှင့် အုပ်ချုပ်နိုင်စွမ်းကို မည်သူက တည်ဆောက်နိုင်သနည်း၊ စစ်ရေးအင်အားကို ရေရှည်ထိန်းသိမ်းနိုင်သနည်း ဆိုသည့် မေးခွန်းများက ပိုအရေးကြီးကြောင်း တွေ့ရှိနိုင်သည်။

အာရက္ခပြည်တွင်လည်း လက်ရှိအနေအထားသည် ထိုသမိုင်းသင်ခန်းစာနှင့် ကွာခြားလှသည်မဟုတ်ပေ။ ACLED က ၂၀၂၆ ခုနှစ် စက်တင်ဘာလ ကျောက်တော်တိုက်ခိုက်မှုနှင့် ပတ်သက်၍ လေကြောင်း၊ အမြောက်နှင့် မြေပြင်ထိုးစစ်များ ပေါင်းစပ်ထားသည့် စစ်ဆင်ရေးအဖြစ် ဖော်ပြထားသော်လည်း ပြင်းထန်သော တိုက်ခိုက်မှုများရှိနေသည့်တိုင် မြေပြင်ကို သိသိသာသာ ပြန်လည်ရယူနိုင်မှု မတွေ့ရသေးကြောင်း သုံးသပ်ထားသည်။

လေကြောင်းတိုက်ခိုက်မှုများသည် နယ်မြေတစ်ခုကို ဖျက်ဆီးနိုင်သော်လည်း ထိုဖျက်ဆီးခြင်းသည် ထိန်းချုပ်ခြင်း မဟုတ်။ ကျောက်တော်တွင် ဗုံးကျသည့်အခါ စျေးတစ်ခု ပျက်စီးနိုင်သည်။ တံတားတစ်စင်း ပျက်စီးနိုင်သည်။ လူများ သေဆုံးနိုင်သည်။ သို့သော် အာရက္ခပြည်၏ နိုင်ငံရေးအနာဂတ်၊ စစ်ရေးအုပ်ချုပ်မှုနှင့် နယ်မြေထိန်းချုပ်မှုကိစ္စများကို လေကြောင်းအကြမ်းဖက်မှုများဖြင့် အဆုံးသတ်နိုင်မည် မဟုတ်ပေ။

ကမ္ဘာ့စစ်ရေးသမိုင်းက ပြသနေသည့် အဓိကသင်ခန်းစာမှာ လေကြောင်းတိုက်ခိုက်မှုသည် စစ်ပွဲတွင် အရေးကြီးသော်လည်း လေကြောင်းတိုက်ခိုက်မှု တစ်ခုတည်းကို စစ်ပွဲအနိုင်အရှုံး၏ အလိုအလျောက်အဖြေဟု သတ်မှတ်၍ မရခြင်း ဖြစ်သည်။ ဗီယက်နမ်တွင် အမေရိကန်၏ နှစ်ရှည်လေကြောင်းစစ်ဆင်ရေးသည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေခဲ့သော်လည်း စစ်ပွဲ၏ နောက်ဆုံးရလဒ်ကို မပြောင်းလဲနိုင်ခဲ့ကြောင်း တွေ့ရသည်။

ရက္ခိုင်တွင် လက်ရှိမြင်နေရသည့် အခြေအနေကလည်း ထိုသမိုင်းသင်ခန်းစာကို ပြန်လည် မေးခွန်းထုတ်နေသည်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် ကျောက်တော်ဈေးအနီး တိုက်ခိုက်မှုသည် အရပ်သားများအတွက် အလွန်ကြီးမားသော လူသားချင်းစာနာမှုဆိုင်ရာ ဆုံးရှုံးမှု ဖြစ်ခဲ့ပြီး IIMM ကလည်း ရက္ခိုင်ပြည်တွင် အရပ်သားများအပေါ် လေကြောင်းနှင့် အမြောက်တိုက်ခိုက်မှုများ တိုးလာနေကြောင်း မှတ်တမ်းတင်ထားသည်။ ထိုသို့ ရက္ခိုင်ပြည်သူများအပေါ် တိုက်ခိုက်သတ်ဖြတ်နေမှူများသည် မြန်မာစစ်တပ်နှင့် လက်တစ်ဆုပ်စာ စစ်အာဏာရှင်များအပေါ် ရက္ခိုင်ပြည်သူများ၏ အမုန်းတရားများ ပိုကြီးမားစေရန်နှင့် တော်လှန်ရေးကို ပိုမို အားကောင်းလာစေရန် ဖန်တီးနေခြင်းများသာ ဖြစ်သည်။

ကျောက်တော်မှ ထွက်ပေါ်လာသည့် ဗုံးသံကို စစ်အာဏာရှင်တို့၏ စစ်နိုင်ခြင်း ဥဒါန်းရင့်သံဟု နားလည်ထားမည် ဆိုပါက ထိုအချက်မှာ မိုက်ရူးရဲဆန်သော နားလည်မှုသာ ဖြစ်ပေလိမ့်မည်။  လက်ရှိ ရက္ခိုင်ပြည်အနှံ့သို့ နေ့စဉ်ရက်ဆက် ကြဲချနေသော ဗုံးပေါက်ကွဲသံများသည်  မြန်မာစစ်အာဏာရှင်တို့၏ အိမ်တံခါးဝကို လာခေါက်နေသည့် ငရဲမင်းခေါ်သံများဟု ဆိုလျင် မှားလိမ့်မည် မထင်ပေ။

ထို့ကြောင့် ဗုံးသံအောက်မှ ကျောက်တော်မြို့နှင့် အာရက္ခတော်လှန်ရေးသည် နောင်တချိန်တွင် စစ်အာဏာရှင်များအတွက် ကြီးမားသော နောင်တတရားများ ဖြစ်လာလိမ့်မည်မှာ မလွဲဧကန်ပင် ဖြစ်ပါသည်။

Related posts

ရက္ခိုင်ပြည်တွင် သန်းခေါင်စာရင်း အပြည့်အဝ မကောက်နိုင်

Rakhita Times

အကြမ်းဖက် ARSA အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဆုတ်ခွာ

Rakhita Times

မြေပုံမှာ မွတ်ဆလင်ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

Leave a Comment