အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ကို ဝင်ရောက်နိုင်ရန်အတွက် မကွေးတိုင်း၊ ကျောက်ထုမြို့၊ အမှတ် (၃၆၈) အမြောက်တပ်ရင်း (အမတ-၃၆၈) ကထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ရွှေအောင်သာကျေးရွာအတွင်းကို တပ်ဖြန့်ဝင်ရောက်လာကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အဆိုပါစစ်ကြောင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက အပြင်းအထန် တိုက်ခိုက်ခဲ့တာ မရှိသေးပေမယ့် လမ်းကြောင်းတလျှောက် မိုင်းပေါက်ကွဲမှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရွှေအောင်သာကျေးရွာက ချင်းပြည်နယ်၊ မင်းတပ်မြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတာဖြစ်လို့ ချင်းပြည်တောင်ပိုင်းရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို စစ်ကောင်စီတပ်က ထပ်မံ ပိတ်ဆို့လာတာလို့ သူက ဆိုပါတယ်။
ကံကြီးလမ်းဆုံဘက်က ထွက်ခွာလာတဲ့ အခြားစစ်ကြောင်းတစ်ခုကလည်း မင်းတပ်မြို့နယ်အတွင်းက ကျောက်တောင်လမ်းခွဲအနီးကို ရောက်ရှိနေပြီး အနီးဝန်းကျင်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်၊ ရွှေစက်တော် ကြိုးဝိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား မြေပြင်တိုက်ပွဲ ထိတွေ့မှုတစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
မိတ္ထီလာတပ်နယ်အတွင်းက ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ ယာဉ် ၁၉ စီးပါ ယာဉ်တန်းတစ်ခုက ဆိပ်ဖြူမြို့၊ ရွှေပေါ်ကျွန်းအခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၂) ကတဆင့် ပေါက်မြို့နယ်အတွင်းကို အင်အားဖြည့်တင်းဖို့ ထပ်မံဝင်ရောက်လာရန် ရှိတယ်လို့ သိရပါတယ်။
